နှဖူးကြောရှုံ့ကာ မျက်လုံးကို အားစိုက်ကြည့်နေရသည်။ တနေကုန်စူးစိုက် ကြည့်ကာ လုပ်နေရသဖြင့် အမြင်အာရုံတို့ ပင်ပန်းကာ မျက်ခွံတို့အောင့်လာသည်။ ကွန်ပျူတာ စကရင်ကို အသာမျက်နှာလွှဲလိုက်သည်။ မျက်စိကို အသာပိတ်ကာခေတ္တ အနားယူ လိုက်သည်။ လက်မနှစ်ဖက်ဖြင့် နားထင်ကြော၊ နဖူးကြော၊ မျက်ခုံးကြောတွေ လျှောက်နှိပ်နေလိုက်သည်။ အသက်ကို ခပ်ပြင်းပြင်းတချက်ရှုလိုက်ရင်း တနေ့တာ အလုပ်များကို ပြန်လည် လက်စသက်နေရသည်။


ဝန်ထမ်းအတော်များများ ပြန်ကုန်ကြပြီဖြစ်သည်။ ဒီအလုပ်ဖြင့် လုပ်နေသည်မှာ အတော်ကြာပြီဖြစ်သည်။ တခါတလေ တော့လည်း ငြီးငွေ့လာသည်။ လက်စသက် ဆွဲပြီးသဖြင့် File ကို save လုပ် သိမ်းဆည်းလိုက်သည်။ ကွန်ပျူတာကို ပိတ်၍ အသာခေါက်ပြီး အိတ်အတွင်းထည့်ကာ ပြန်ရန်ပြင်လိုက်သည်။ ဖယ်ရီ ကားပေါ် ရောက်တော့ လူမှာ သိပ်မလှုပ်ချင်တော့။ ဇာတ်ကြောတွေတင်းနေသည်။ ခေါင်းကို ဘယ်ညာဆက်ကာ အကြောဖြေလျော့လိုက်သည်။ ကွန်ပျူတာ အိတ်ကို ထိုင်ခုံဘေး အသာချကာ ဦးခေါင်းကို ခုံနောက်ကိုမှီကာ မှိန်းနေလိုက်သည်။ မျက်စိမှိတ်ရင်း ပေါ်လာသည်က ဒီအလုပ်ကို ရွေးချယ်ခဲ့သည့်အကြောင်းများ။

“ဟေ့ကောင် ငါတော့ ပုံဆွဲတာ ၀ါသနာပါတယ်ကွာ”

“ဒီတော့ နောင်ဆို ကွန်ပျူတာနှင့် ပုံဆွဲတက်ချင်တယ်ကွာ”

သူငယ်ချင်းဖြစ်သူကို ပြောခဲ့ပြီး site မှာ အလုပ်လုပ်ရင်း တက်ဖြစ်ခဲ့သည်က Auto CAD ဆိုတဲ့ ကွန်ပျူတာနှင့် ပုံဆွဲလို့ ရနိုင်တယ်ဆိုတဲ့ သင်တန်းပေါ့။

ကျောင်းပြီး Site ထဲမှာ အုလုပ်လုပ်နေတာ အတော်ကြာပြီ… ကွန်ပျူတာက အစိမ်းလိုဖြစ်နေသည်။ သင်ပေးတဲ့ ဆရာမလေးက ကို့ထက်အသက်ငယ်တော့ ကိုယ့်ကိုပင် ပြန်ကြောက်သလိုဖြစ်နေသည်။ သူစတင်သင်ပေးခဲ့တဲ့ ဒီ Auto CAD ပညာနှင့် ခုအသက်မွေးနေရတာဆိုတော့ ဆရာမလေးကို ကျေးဇူးတင်မိသည်။

Auto CAD ဆိုတာ အလွန်ထူးခြားတဲ့ Software Program တစ်ခုပါ။ သူ့ကိုစတွေ့ချိန် မှာပဲ။ အနက်ရောက်စက ရင်ပေါ်မှာ ကြက်ခြေခတ် cross hair လေးက ကိုယ့်ကို ပြောင်ပြသလိုပဲ။ နောင်တချိန်မှာ မင်းနှင့်ငါ အရင်းနှီးဆုံးတွေ ဖြစ်ကြရမှာ။ မင်းရဲ့ အလုပ်ခွင်နေ့စဉ်ဘ၀မှာ ငါ့ရဲ့ ကြက်ခြေခတ်သင်္ကေတကလေးနှင့် ပုံတစ်ပုံပြီး တစ်ပုံဆွဲ ရမှာပေါ့ကွလို့ ပြောလိုက်သလိုပါ။

Auto CAD ဆွဲမယ်ဆိုရင် အရင်ဆုံးအရေးကြီးတာက ကိုယ့်ရဲ့Drawing ဖိုင်ကို Setting လို လုပ်မို့ပါ။ ပထမဆုံး Unit ကို အဓိကရွှေးရမယ်။ ကွန်မန်းနေနှင့် UN Enter ရိုက်ပြီး ၀င်ရင် ပေါ်လာတဲ့ Box မှာ Unit တွေ ချိန်ပေးရမှာပေါ့။ အဲဒီတော့ ကိုယ်ဘာယူနစ် သုံးမယ် ဆိုတာ အရင်ကြိုရွေးပေးရတယ်။ အဲဒါ ပုံအသစ်တစ်ပုံစဆွဲရင် အရင်ဆုံး လုပ်ရမယ့် အချက်ပဲ။ အဲဒါတွေပြီးရင်တော့ ကိုယ်ဆွဲချင်တဲ့ ပုံကိုဆွဲနိုင်ပြီလေ။ ဆရာမလေးရဲ့ သင်တန်းအစမှ Intro လုပ်ပေးခဲ့တဲ့ Unit အကြောင်း၊ Limit အကြောင်း၊ Drawing Area အကြောင်း စတာတွေပေါ်လာသည်။ နောက်ပိုင်းမှာ Line, Rectangle, Circle, Arc, Point စတဲ့ ငယ်ငယ်က ဆွဲခဲ့ရတဲ့ ဂျီသြမတြီ ပုံဆွဲနည်းတွေကို Darw Menu အောက်ကဆွဲနည်း၊ Command Line မှာ Keyboard ကနေ Command ပေးပြီး ဆွဲနည်း၊ နောက် Icon လေးတွေကလစ်လုပ်ပြီးဆွဲတဲ့နည်း စတာတွေ တဆင့်ခြင်း သင်ပေးခဲ့တယ်။

Draw Command တွေ စုံတော့ Modify Command တွေ သင်ပေးပြန်တယ်။ အဲဒါတွေက ဆွဲပြီးသား ပုံတွေကို အမျိုးမျိုး ပြန်ပြင်ပြောင်းလဲ ချင်တဲ့ အခါမှာ သုံးရတာပေါ့။ Copy ကူးတာ၊ Move လုပ်တာ၊ နောက်ပိုနေတဲ့ အစလေးတွေ ဖြတ်ထုတ်ချင်တဲ့ အခါတွေ၊ လိုနေတဲ့ Line တွေကို ဆန့်ထုတ်ချင်တဲ့အခါတွေမှာ သုံးရတဲ့ Command တွေအကြောင်းပေါ့။ အဲဒါလေးတွေ အတော်စုံလာတော့ ပုံလေးတွေ စဆွဲတယ်။ အခြေခံပုံလေးတွေပါပဲ။ တံခါးတွေ၊ ပြူတင်းပေါက်တွေပေါ့။ နောက်တော့လည်း အ၀ိုင်းတွေပါလာတဲ့ စက်ပစည်း အစိတ်အပိုင်းပုံတွေ ဆွဲခဲ့ရပြန် တယ်။

ဆွဲရင်းနှင့်ပဲ Rotate လုပ်တာတွေ၊ Array ပွားတာတွေ၊ Mirror လုပ်တာတွေတိုးပြီး သင်လာခဲ့ရတယ်။ အဲဒီလို သင်နေရင်းမှားသွားခဲ့ရင် ပြန်လုပ်ခဲ့တာက U Enter (Undo) Command ပေါ့။ အရမ်းနှစ်သက်တဲ့ Command လေးပေါ့။ ဆွဲပြီးမှားရင်ပဲ ဖြစ်ဖြစ်၊ မှားပြီး ဖျက်မိရင်ပဲဖြစ်စြဖ် Undo Command လေးက အဆင်ကို ပြေလို့။ တခါတလေ Undo တွေများလို့ Redo ပြန်လုပ်ရတာရှိသေး။ အဲဒီတုန်းက Auto CAD version နိမ့်တော့ Redo ကို တစ်ကြိမ်ပဲ ပြန်လုပ်ခွင့်ပေးတယ်။ စိတ်ထဲမှာ နည်းနည်းမတရား ဘူးလားလို့ ခံစားရတယ်။ ဘာပဲဖြစ်ဖြစ် Undo Command လေးကတော့ အနှစ်သက် ဆုံးပဲ။ တခါတလေဘ၀မှာ အဲဒီလို Undo များလုပ်လို့ရရင် ဘယ်လောက်ကောင်း မလဲပေါ့။ Undo လုပ်လိုက်၊ ပြန်ပြင်လိုက်နှင့် အမှားတွေ ခဏခဏများတဲ့ ဘ၀မှာ Undo ခဏခဏ ခေါက်ပြီး အသစ်က ပြန်စချင်တဲ့စိတ်တွေ မကြာမကြာ ပေါ်လာ တတ်တယ်။

ဒီလိုနှင့် နောက်ပိုင်း 3D (သုံးဖက်မြင်) ပုံတွေဆွဲတဲ့ အချိန်ရောက်လာတယ်။ ကုဗတုံးတွေ၊ စက်လုံးတွေ၊ ထုလုံးရှည်တွေ၊ ထုချွန်တွေ၊ လက်ကောက်ကွင်းပုံစံတွေ တစ်ခုပြီးတစ်ခု ဆွဲရပြန်တယ်။ နောက်တော့ အဲဒါတွေကို ပေါင်းတဲ့နည်း၊ ဖြတ်ထုတ်တဲ့ နည်း၊ တူတဲ့အပိုင်းဖြတ်ယူတဲ့နည်းတွေ သင်ရပြီး ကျွန်တော်လည်း အလုပ်က အဆင် မပြေတာနှင့် သင်တန်းကို ဆက်မတက်ဖြစ်တော့ဘူး။ အရေးကြီးဆုံး ဖြစ်တဲ့ Print ထုတ်တာလေးတောင် မသင်ခဲ့ရဘူး။ နောက် site တစ်ခုအပြောင်းလုပ်ရင်း သူငယ်ချင်း တစ်ယောက်ရဲ့ ကောင်းမှုနှင့် Auto CAD ဆွဲတဲ့ အလုပ်တစ်ခုကို ရပါလေရော။ ဒီလိုပဲ မတတ် တတက်ဆွဲရင်း သူငယ်ချင်းဆီက သင်လိုက်၊ အလုပ်အတူလုပ်တဲ့ ဆရာဆီက မသိတာမေးလိုက်၊ စာအုပ်တွေဝယ်ပြီး ဖတ်လိုက်လေ့လာလိုက်တာ အတော်လေး အဆင်ပြေ ကျွမ်းကျင်လာခဲ့တယ်။

သင်တန်းက သင်ခဲ့ရတာ ဘာမှ မဟုတ်ပါလားလို့လည်း သိလာခဲ့တယ်။ အလုပ်မှာ အဆင်ပြေပြေဆွဲနိုင်လာခဲ့တာပေါ့။ ဒါတောင် စိတ်ညစ်စိတ်ပျက်ခဲ့ရတာတွေ အများကြီးပါ။ အားတင်းရင်း လေ့လာရင်းနှင့်သာ အဆင်ပြေခဲ့ရတာပါ။ အခု Auto CAD နှင့် အသက်မွေးနေရပြီ။ ပထမဆုံး သင်ပေးခဲ့တဲ့ ဆရာမလေးကို ကျေးဇူးတင်သလို အတူလက်တွဲခေါ်ခဲ့တဲ့ သူငယ်ချင်းဖြစ်သူ၊ အလုပ်ခွင်က ဆရာသမားအားလုံးရဲ့ ကျေးဇူးတွေပေါ့။ အဲဒါတွေ စဉ်းစားရင်း ဘာလိုလိုနှင့် ကားတောင် အဆောင်နားရောက် လာတယ်။

ကိုယ့်ရဲ့ Auto CAD သမားဘ၀ အကြောင်းစဉ်းစားရင်း ညီမလေး KPZ က သူရဲ့ Blog ၁နှစ်ပြည့် ရေးပေးပါဆိုတာ သတိရလိုက်မိသည်။ Auto CAD မောင်နှမတွေ… သူက ကိုယ့်ထက် အများကြီး တော်တယ်။ စေတနာတွေလည်းများတယ်။ သူရဲ့ စေတနာက သူ့ Blog ကိုဝင်ကြည့်တာနှင့် သိနိုင်တယ်။ လိုအပ်မယ့် အချက်အလက် တွေ၊ သင်ခန်းစာတွေ သူ့ Blog လေးမှာ အတော်များများ စုစောင်းသိုမှီးထားတာပဲ…. သူပြောဖူးတဲ့ စကားလေးလည်း ကြားယောင်မိသေးတယ်။ “အစ်ကိုရေ မြန်မာနိုင်ငံက Auto CAD လေ့လာချင်တဲ့ ညီအစ်ကို မောင်နှမတွေအတွက် အဓိက ရည်ရွယ်တာ ပါတဲ့။” အင်းကောင်းလိုက်တဲ့ စေတနာလေး။ စိတ်ထဲမှာ လေးစားရင်း အကြိမ်ကြိမ် သာဓုခေါ်နေမိပါတယ်။ ကိုယ့်နိုင်ငံက နည်းပညာချို့တဲ့ ငတ်မွတ်နေကြတာ မဟုတ်လား။ အဲဒီတော့ အမှန်တကယ် လေ့လာချင်တဲ့သူတွေအတွက် တဖက်တလမ်းက အများကြီး အထောက်အကူ ဖြစ်စေပါတယ်။

အခုဆိုသူ့ကို တချို့ကဆရာမလေးလို့ခေါ်နေကြပြီ။ တကယ်လည်းဟုတ်နေတာပါ။ ပြောရင် သူ့မှဆရာစိတ်ဓါတ်ရှိတယ်လေ။ မအားမလပ် အလုပ်တွေကြားက သူစုဆောင်းလေ့လာထား တာတွေကို ပြန်ပြီး မျှဝေပေးနေတာဟာ တော်ရုံလူ ဘယ်လွယ်မလဲ။ ဝေးဝေးရှာစရာ မလိုဘူး ကျနော် ဖိုးမောင်ကိုပဲ ကြည့်။ အဲဒါမျိုးမလုပ်နိုင်ဘူးဗျ။

အဲဒါက သူ့ဘ၀၊ သူ့စေတနာ၊ သူ့ ရည်ရွယ်ချက်တွေရဲ့ အသီး အပွင့်တွေပဲ အဟုတ်လား။ ခုဆို ညီမလေး လျှောက်လှမ်းခဲ့တဲ့လမ်းလေး… အဲ…တည်ဆောက်လာခဲ့တဲ့ နည်းပညာအိမ်လေး (၁) နှစ်ပြည့် ခဲ့ ပြီတဲ့။

အသီးအပွင့်တွေ ဝေဆာနေတဲ့ ဒီအိမ်ကလေး ဟာ ခုဆို AutoCAD လေ့လာချင်သူတွေအတွက် ဥယျာဉ်လေးသဖွယ်၊ ပြတိုက်လေးအလား၊ စာသင်ခန်းလေးပမာ တွေ့နိုင်ပြီပေါ့။

အစ်ကိုတစ်ယောက်လိုသဘောထားပြီး တခါတလေ သူ့ကိုဆရာ သွားလုပ်မိတတ်သေးတယ်။ အဲဒါဆိုသူကလည်း အစ်ကိုလုပ်ပေးပြီးတာပဲ ဆိုပြီး ကိုယ့်ဆီပြန်လာပတ်တော့ အသာလေးခေါင်းပုနေရတော့တယ်။ လူဆိုတာကလည်း ခက်သား။ ကိုယ်မလုပ်တတ် မလုပ်ချင်သာနေမယ် လုပ်ပြီးသားသူကိုတော့“ ဟိုလိုလုပ်ပလား၊ ဒီလိုလုပ်ပလား၊” လို့ ဆရာတော့ ၀င်လုပ်ချင် တတ်ကြတယ်မဟုတ်လား။ နောက်တော့လည်းကိုယ့်ဘက် မျှားဦးလှည့်မှာကြောက်လို့ ခပ်ကုပ်ကုပ်ပဲ နေရတော့တယ်။ ဒါတောင် ခုအမှတ်တရလေးရေးပေးပါ ခိုင်းတော့ တတ်သလောက်ကလေးစဉ်းစားရင်း ဟိုရောက်ဒီရောက် ကလေး ရေးလိုက်ပါတယ်ဗျာ။

“ညီမလေးလည်း သူများတွေကို ပညာဒါနပြုရင်း ကိုယ်တိုင်လည်း အသိပညာတွေ ပိုမိုမြင့်မားတိုးတတ်ပါစေဗျာ။”
ဖိုးမောင်(Happycloud)
 

Print ပရင့်ထုတ်ရန်
 
This Post has No Comment Add your own!

Post a Comment