Draftman တစ်ယောက်ရဲ့တာဝန်

11 comments - Post a comment

ခုတစ်လော ကြားကြားနေရတာ၊ ပြောပြောနေကြတာက.. လူတွေဆုံလိုက်တိုင်း နင်ကဘာ Position နဲ့ လုပ်လုပ်နေတာလဲ၊ ဘယ်နေရာမှာလဲ ဆိုတဲ့ မေးခွန်းတွေပါ။ Draftman လို့ အလွယ်တကူ ပြောလိုက်တာနဲ့ တွန့်သွားတဲ့ နှုတ်ခမ်းတွေ၊ မျက်နှာပေါ်မှာ ဖြတ်ပြေးသွားတဲ့ အရိပ်တွေက တစ်ခါ နှစ်ခါထက်ပိုလာတော့ ခံစားချက်တွေ ဖြစ်ဖြစ်လာရတယ်။ အော်အဲဒါလုပ်နေတာလားလို့ပါ ပြောခံလိုက်ရရင်တော့ ရင်ဘတ်ထဲမှာ အောင့်ပါသွားတော့တာပါပဲ။ဒီလို ခံစားချက်က ကျွန်မတစ်ယောက်ထဲတော့ မဟုတ်ပါဘူး။ ကျွန်မလိုပဲ ခံစားနေရတဲ့ ကျွန်မသူငယ်ချင်းတွေ အများကြီးပါ။ အင်င်္ဂျင်နီယာ ဘွဲ့ရတစ်ယောက်ဟာ Draftman မလုပ်သင့်ဘူးဆိုတဲ့ အပြောမျိုးတွေ အပြောခံရတာလည်း ရှိပါတယ်။ ဒီလိုမျိုးပြောတဲ့ သူတွေက Draftmanတစ်ယောက်ရဲ့ အလုပ်တာဝန် အခက်အခဲတွေကို သေသေချာချာ နားမလည်လို့ ပြောတာလို့ ထင်မြင်မိပါတယ်။ Draftmanတစ်ယောက်ရဲ့ တာဝန်ဟာ သူတာဝန်ယူထားရတဲ့ လုပ်ငန်းဆောင်တာပေါ်မှာ မူတည်ပြီး အခက်အခဲ အမျိုးမျိုး ရှိပါတယ်။ ။

အော်တိုကဒ် ဆော့ဝဲလ်ကို အသုံးပြုပြီး ပုံဆွဲတတ်တိုင်း Draftmanတာဝန်ကျေပြီလို့ မယူဆသင့်တာ အမှန်ပါ။Draftmanတစ်ယောက်ရဲ့ ခေါင်းစဉ်အောက်မှာ တာဝန် ၀တ္တရား တွေက အများကြီးရှိနေသလို Draftman တစ်ယောက် မဖြစ်မနေ သိရမယ့် Drawing Method, Drawing Symbol တွေကို သေချာ သိရမှာဖြစ်ပြီး Drawing နဲ့ ပတ်သတ်တဲ့ အတွေးအခေါ် အယူအဆတွေလည်း ရှိကို ရှိရပါမယ်။ အလုပ်ခွင်နေရာတိုင်းမှာ ဘယ်အလုပ်ကိုမဆို တစ်ဦးတစ်ယောက်ထဲ လုပ်တဲ့ အလုပ်ထက် စုပေါင်းလုပ်ရတဲ့ အလုပ်တွေက ပိုပြီးလျှင်မြန် ကောင်းမွန်ပါတယ်။ ဥပမာအားဖြင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှာ ပရောဂျက်ဒါရိုက်တာမှ အစ၊ အခြေခံလုပ်သားအဆုံး အားလုံးသောသူတွေဟာ မိမိရဲ့ လုပ်ငန်းတာဝန်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်မှသာ သတ်မှတ်ထားသော အချိန်အတိုင်းအတာအတွင်း လုပ်ငန်းခွင်ဟာ အောင်မြင်စွာ ပြီးဆုံးမှာပါ။ Draftman တစ်ယောက်ရဲ့ လုပ်ငန်းတာဝန်တွေဟာ လုပ်ငန်းပတ်ဝန်းကျင်အပေါ် မူတည်ပြီး မတူညီမှုတွေ ရှိနိုင်ပေမယ့် အခြေခံသဘောတရားတွေ အားလုံးက အတူတူပါပဲ။ Draftman တစ်ယောက်ဟာ အင်င်္ဂျင်နီယာ တစ်ယောက်ရဲ့ ညွန်ကြားမှု လက်အောက်မှာ ရှိနေတာ မှန်ပါသော်လည်း ကိုယ့်တာဝန် ကိုယ်ကျေပွန်အောင် လုပ်ရမှာ အားလုံးရဲ့ တာဝန်ပါ။ Draftmanတစ်ယောက်ရဲ့ တာဝန်တွေကို အကြမ်းအားဖြင့် သုံးသပ်မယ်ဆို၇င် ပထမဦးစွာ လုပ်ငန်းခွင် မစခင်မှာ Consultant က တွက်ချက် ခန့်မှန်းပေးလိုက်တဲ့ ပုံတွေကို မိမိသက်ဆိုင်ရာ အပိုင်းတွေအတွက် Shop Drawing တွေပြင်ဆင်ရပါတယ်။ တစ်ခါတစ်ရံ Consultant Drawing တွေဟာ ယေဘုယျပုံတွေသာ ပါဝင်ပြီး အသေးစိတ် အချက်အလက် တွေ မပါဝင်တာကြောင့် Draftmanတွေက မိမိလုပ်ငန်းခွင်ရဲ့ အသေးစိတ်လိုအပ်ချက်တွေကို ( Side View, Plan View, Level View, Connection Detail စတာတွေကို )တာဝန်ရှိသူတွေနဲ့ ကြိုတင်ညှိနှိုင်းပြီး ပြင်ဆင်ဆွဲသားရပါတယ်။ ဒီလို ဆွဲသားတဲ့ အခါမှာ အင်င်္ဂျင်နီယာအမြင် မရှိဘူးဆိုရင် ဘယ်လိုမှ ဖြစ်နိုင်မယ်လို့ မထင်ပါဘူး။ ပြင်ဆင်ပြီးပြီဆိုရင် မိမိတို့ ဘယ်လိုဘယ်ပုံ လုပ်ကိုင်မယ်ဆိုတဲ့ အသေးစိတ် အချက်အလက်ပုံတွေကို Consultant ဆီကို ပြန်လည်တင်ပြရပါတယ်။ ရှိပြီးသား အဆေက်အဦးကို ထပ်မံ တိုးချဲ့ တည်ဆောက်မယ် ဆိုရင်လည်း ရှိပြီးသား အဆောက်အဦးရဲ့ အသေးစိတ် အချက်အလက်တွေကို သေချာမှတ်သားပြီး ထပ်မံတိုးချဲ့တဲ့ အဆောက်အဦးပုံကို ပြင်ဆင်ရေးဆွဲ ရပါတယ်.။ သူတို့က လက်ခံတယ်ဆိုရင် လုပ်ငန်းစတင်ဖို့ ဆိုက်အင်္ဂျင်နီယာတွေကို ပုံတွေ လွှဲပြောင်းပေးရပါမယ်။ အဲဒီ့အခါ ပုံတွေကို သေသေချာချာ ရှင်းရှင်းလင်းလင်း ဆွဲဖို့လိုအပ်ပါတယ်။ အဲဒီ့အခါ ပုံတွေကို သေသေချာချာ ရှင်းရှင်းလင်းလင်း ဆွဲဖို့လိုအပ်ပါတယ်။ပုံကိုသေချာမဆွဲတာ ရှင်းလင်းမှုမရှိတဲ့အခါ အားလုံး အဆင့်ဆင့် နားလည်မှုတွေ လွဲမှားပြီး ပြဿနာတွေ တက်နိုင်ပါတယ်။ လုပ်ငန်းတွေ အားလုံးပြီးခါနီရင်လည်း As Built Drawing ကို ပြင်ဆင်ဖို့ ဆိုက်ထဲကို ကိုယ်တိုင် သွားရောက် စစ်ဆေးရပါတယ်။ လုပ်ငန်းအစကနေ အဆုံးအထိ Draftman တစ်ယောက်ဟာ မိမိတာဝန်ကို ကျေပြွန်ဖို့ လိုအပ်သလို တစ်ခြားသော ၀န်ထမ်းတွေကလည်း မိမိတာဝန်ကိုကျေပြွန်အောင် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက် ရမှာပါ။ ဒီလိုမျိုးတွေ လုပ်နိုင်ဖို့လည်း လုပ်ငန်းအတွေ့အကြုံတွေ လိုအပ်ပါတယ်။ သင်တန်းဆင်းကာစ၊ လုပ်ငန်းခွင်ကို စတင်ဝင်ရောက်ခါစ Draftman တစ်ယောက်ဟာ ဒီလိုလုပ်ငန်းတွေကို ချက်ချင်းလုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် Draftman တစ်ယောက်တာဝန်တွေကို ယူထားပြီးပြီ ဆိုရင်တော့ Draftmanကောင်းတစ်ယောက် ဖြစ်ဖို့ အမြဲတမ်းကြိုးစား နေသင့်ပါတယ်။ လုပ်ငန်းခွင်ထဲက ကျွန်မတို့ ကိုယ်တိုင်လည်း ခုထိကြိုးစားနေရတုန်းပါပဲ။


အင်္ဂျင်နီယာ တစ်ယောက်ဟာ Draftmanမလုပ်သင့်ဘူးလို့ တစ်ချို့က ဆိုကြပါတယ်။ ကျွန်မအနေနဲ့ဆိုရင် အဲလို မမြင်မိပါဘူး။ အင်္ဂျင်နီယာ တစ်ယောက်မှာလဲ တာဝန်ဝတ္တရား ရှိသလို Draftman တစ်ယောက်မှာလည်း ရှိသင့်ရှိအပ်တဲ့ ၀တ္တရား ၇ှိပါတယ်။ အင်္ဂျနီယာဘွဲ့ရ Draftman တစ်ယောက်ဟာ သူသင်ကြားခဲ့တဲ့ အခြေခံ နည်းပညာ အချက်အလက်တွေကို ပြန်လည် အသုံးချနိုင်တာကြောင့် သင်ခဲ့ရတဲ့ ပညာတွေ နှမြောစရာ ကောင်းတယ်လို့ မထင်မြင်မိပါဘူး။ Draftman အလုပ်ဟာ ဆူလွယ်နပ်လွယ် လုပ်စားသင့်တဲ့ ပညာရပ်တစ်ခုလည်း မဟုတ်ပါဘူး။ တစ်ချို့လုပ်ငန်းခွင်တွေမှာDraftman တွေဟာ အော်တိုကဒ် ဆော့ဝဲလ်အပြင် အခြားသော အသုံးချ ဆော့ဝဲလ်တွေပါ ထပ်ပေါင်းပြီး လုပ်ငန်းတွေကို ပိုမိုလျှင်မြန် တိကျအောင် ဆောင်ရွက်နေပါတယ်။ အရည်အချင်း ပြည့်ဝသော Draftmanတစ်ယောက်ရဲ့ လစာဟာ အင်္ဂျင်နီယာ တစ်ယောက်ရဲ့ လစာနဲ့ တန်းတူ အခွင့်အရေး ရပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်ထဲ ရောက်နေတဲ့ Draftman တစ်ယောက် အနေနဲ့ မိမိရဲ့ အရည်အသွေးကို ပိုမိုတိုးတက်အောင် အစဉ်ကြိုးစားနေသင့်တယ်လို့ ထင်မြင်မိပါတယ်။
( ဒီပို့စ်လေး ဖြစ်လာအောင် အမြဲတွန်းအားပေး အချက်အလက်တွေ ပေးခဲ့တဲ့ ကိုဖိုးမောင် နဲ့ ကိုမိုးမြင့်တိမ် တို့ကို ကျေးဇူးတင်ပါကြောင်း )

Print ပရင့်ထုတ်ရန်
 
This Post has 11 Comments Add your own!
Moe Myint Tane - October 19, 2008 at 4:07 AM

ညီမလေးရေ သိပ်ကိုကောင်းတဲ့ ပိုစ့်လေးပါ။ Draftsman ကောင်းတစ်ယောက်ဖြစ်လာဘို့ လိုအပ်ချက်တွေ၊ လုပ်ငန်းခွင်လက်တွေ့ ကျင့်သုံးနေရတဲ့ အခြေအနေတွေ၊ အဆင့်ဆင့်ပုံစံ ရေးဆွဲပေးရပုံတွေကို တခုခြင်းစီ တင်ပြသွားတာ တကယ့်ကို ဗဟုသုတ ရပါတယ်ညီမလေးရေ။ ဒီလိုပိုစ့်လေးကို မျှဝေပေးတဲ့ အတွက် ကျေးဇူးပါညီမလေးရေ။

HAPPY CLOUD - October 19, 2008 at 3:16 PM

ညီမလေးရေ... အတော်လေးကောင်းတဲ့ပိုစ့်လေးတစ်ခုပါပဲကွာ.... Draftsman တယောက်ဖြစ်ဖို့ မလွယ်ကူတာတွေကို... ပေါက်ကွဲချက်တွေနဲ့ပြောသွားတာပဲနော်... AutoCAD ကိုစိတ်ဝင်စားသူတွေအတွက် အကျိုးရှိပါတယ်ညီမလေး..
ဖိုးမောင်(happycloud)

HAPPY CLOUD - October 20, 2008 at 5:51 AM

ညီမကြီးရေ... ဂွတ်တယ်ဟေ... ရေးသာရေး ဆက်တိုက်ဖတ်နေတယ်...း) ကိုဖောင်မိုးရဲ့ အခန်းဆက်ကြီးလည်း တွန်းလိုက်အုံး...(ဟီး ဟီး လမ်းကြုံတုန်းလေး ၀င်ကြပ်သွားတယ် ကိုဖိုးမောင်ရေ)

အပျော်ပါ....
မိုးမောင်(happycloud)

ဘလူးဖီးနစ် - October 20, 2008 at 9:22 AM

ညီမလေးရေ ဒီပို့စ်လေးက တွေးစရာတွေ အများကြီး ရသွားပါတယ်။ အကို့အနေနဲ့ draftsman တစ်ယောက်ရဲ့ တာဝန်ကြီးပုံ နဲ့ အရေးပါပုံကို ကောင်းကောင်း ပိုနားလည်သွားပါတယ်။ အင်ဂျင်နီယာတစ်ယောက် စိတ်ကူးထဲ ပေါ်လာတာကို အကောင်အထည် မြင်ရအောင် ဖန်တီးပေးရတာ အင်မတန်ခက်ခဲပါတယ်။ အကို့အနေနဲ့ ဆို မကျွမ်းကျင်ဆုံး ဘာသာရပ်ပါပဲ။ အကို့ ညီမလေး တစ်ယောက်က အော်တိုကဒ်တက်ပြီး စင်ကာပူလာဖို့ လုပ်နေတော့ အကိုတော်တော်လေး စိတ်ပူပါတယ်။ ဘာလို့လဲဆိုတော့ draftsman တစ်ယောက်အတွက် အော်တိုကဒ် တတ်ရုံနဲ့ မလွယ်ဘူးဆိုတာကို ကောင်းကောင်းနားလည်ထားလို့ပါ။ တကယ်တော့ draftsman ဆိုတာကို နှာခေါင်းရှုံ့တတ်ကြတဲ့သူတွေ၊ အင်ဂျင်နီယာ ဖြစ်ပြီး draftsman မလုပ်သင့်ဘူးလို့ ပြောတဲ့ သူတွေက အမြင်ကျဉ်းမြောင်းလွန်းတဲ့ သူတွေပါ။ ပြည့်ဝပြီးသား လူတိုင်းဟာ သူများရဲ့ professional ကို လေးစားကြပါတယ်။ engineer တစ်ယောက် draftsman လုပ်တာ ပြဿနာ မရှိပါဘူး။ အင်ဂျင်နီယာ နာမည်ခံပြီး ဘာမှ မလုပ်တတ်တဲ့ သူတွေ အများကြီးပါ။ ကိုယ် အဆင်ပြေရာ အသက်မွေးဝမ်းကျောင်းကို လက်တွေ့မှာ ကျွမ်းကျွမ်းကျင်ကျင် အသုံးချနိုင်ဖို့ က အဓိက ပိုကျပါတယ်။ လုပ်ငန်းသဘောသဘာဝအရ အင်ဂျင်နီယာတွေရဲ့ ညွှန်ကြားမှုအောက်မှာ ရှိနေပေမယ့် အညမည အပြန်အလှန် ကူညီပံ့ပိုးပြီး လုပ်ငန်းတစ်ခုကို လုပ်နေကြရတယ်ဆိုတာ ကို နားမလည်နိုင်သေးရင် အဲဒီလာပြောနေတဲ့ သူတွေကိုယ်တိုင်က အင်ဂျင်နီယာ နာမည်ခံ သာ ဖြစ်နေသေးတယ်လို့ အကိုကတော့ ထင်မြင်မိပါတယ်။

KPZ - October 20, 2008 at 2:02 PM

အကိုတွေအားလုံး ကျေးဇူးပါ။ ကိုဘီလူးဖီးနစ် ကော်မန့် အ၇ှည်ကြီးအတွက် ကျေးဇူးပါနော်။ ဒီထက်ပိုပြီး ကြိုးစားပမယ် အကို။

Mogok Thar - October 21, 2008 at 10:10 AM

Dear KPZ,
I'm an Engineer related in design field and working as an Assistant Architect but whoever asking what are you doing. I always reply *I'm a draftsman*.
Yeah, draftsman's work is not easy and your post show enough of that jobs' responsibility. Just like Blue Phoenix said... Draftsman is not an easy job. Keep moving on, ..
Thanks for your knowledge sharing.

puluque - October 22, 2008 at 4:47 PM

ကျတော့ ရင်ထဲက ခံစားချက်တွေကို ပြောလိုက်သလိုပါပဲလား။ ဘာလုပ်လဲဆိုရင် draftman လို့ဖြေလိုက်ရင် .. အထင်သေးတဲ့ မျက်လုံးတွေကို မြင်ရလို့လေ။ တစ်ခါတုန်း ကသယ်ရင်းတစ်ယောက် ပြောသွားတာကို မှတ်မိတယ်။ draftman ဆိုရင် လေးထောင့်၊အဝိုင်းနဲ့ မျဉ်းဆွဲတက် ရင်ရပြီတဲ့။ ဟားဟား.. တစ်ခါတလေ အလုပ်ထဲမှာ ပုံဆွဲ လို့ စိတ်တိုလာရင် အဲ့ဒီကောင်းကို သတ်ချင်တယ်. အဲဒီလို အလုပ်မျိုး မရှိဘူးမဟုတ်ပါဘူး။ ရှိကောင်း ရှိပါလိမ့်မယ်။ ဟိုတလောက အင်တာနက် ဂျာနယ် ဖတ်လိုက်ရတယ်။ အော်တိုကတ် တစ်လပြတ်သင်တန်းကြော်ငြာတွေ အများကြီးပဲ။ ဟီး ဟီး ဘယ်လိုလုပ်ကြမလဲ။ တစ်နေ့ နှစ်နာရီ သုံးနာရီနဲ့ တစ်လပြတ်သင်တန်း။ လုပ်ငန်းခွင်ထဲ ရောက်တဲ့ အခါ ဒုက္ခနဲ့ လှလှတွေကြတာပေါ့။ နောက် ပိုင်း ဆက်လေ့လာ နိုင်ရင်၊ အင်ဂျင်နီယာ အမြင်ရှိတဲ့လူဆိုရင် တော့ ကောင်းတာပေါ့လေ။ ကျတော်လဲ တစ်ခါတလေလဲ အလုပ်ပြောင်း လုပ်ရင် ကောင်းမလားလို့။ drafter ကို စိတ်နာလာလို့လေ။ ဟိုလူလဲ drafter ဒီလူလဲdrafterဆိုတော့။

may - October 22, 2008 at 5:12 PM

အရမ်းကိုကောင်းတဲ့ post လေးပါ. Autocad ပဲဆွဲတတ်တယ်ဆို Autocad Operator တစ်ယောက်ပဲဖြစ်မှာပါ. ဘယ်တော့မှ Skillsfull Drafter (Drafts engineer) တစ်ယောက်မဖြစ်နိုင်တာ ကိုယ်တွေ့မို့သိပါတယ်.. Engineering Background နဲ့ Engineering Sense ရှိဖို့ကလိုကိုလိုအပ်ပါတယ်.Structural Drafter တစ်ယောက်နဲ့ Archi Drafter တစ်ယောက်တောင်
မတူပါဘူး. Archi Field က Drafter တစ်ယောက်ဖြစ်ဖို့ ပိုခက်ပါတယ်.. Archi အမြင်ရှိဖို့ပို မလွယ်ပါဘူး…ကျမက Structural ပဲဆွဲဘူးတဲ့ drafter ပါ… same project ပဲ Structural ပိုင်းကနေ Archi ပိုင်းပြောင်းဆွဲရတော့ အတော်ရွာပတ်ပါတယ်…
ကျမတို့ company ကသက်တမ်း နှစ် ၁၀၀ကျော်ရှိပီ
ဖြစ်တဲ့ တစ်ခုပါ. သူ့ company လုပ်သက် 2နှစ်ကျော် Drafter တစ်ယောက်နဲ့ engineer တစ်ယောက်ရဲ့လစာ S$100 ပဲကွာပါတယ်. ဘယ် company မဆို Drafter ပေမဲ့လည်း အရည်အချင်းရှိရင် ရှိသလို Engineering တစ်ယောက်လို အရေးပေးပါတယ်. Autocad ပဲဆွဲတတ်တယ်တဲ့ Autocad Operator ပဲဖြစ်ချင်လား Skillsfull Drafter ပဲဖြစ်ချင်လားဆိုတာက တော့ ကိုယ့်ရဲ့ရွေးချယ်မှုနဲ့ပဲ
ဆိုင်ပါလိမ့်မယ်ထင်ပါတယ်……………

မေ
ခေတ - Dubai

ဗီလိန် - October 22, 2008 at 10:56 PM

ဟုတ်တယ်ဗျ။ Draftsman ဆိုတာ အင်ဂျင်နီယာရဲ့ ခိုင်းဘက်မဟုတ်ပါဘူး။ အင်ဂျင်နီယာရဲ့ ရေသောက်မြစ်ပါ။ ထင်သလောက်မလွယ်တာအမှန်ပါ။ တကယ်ကြီးကိုမလွယ်တာပါ။ AutoCAD နဲ့ ပတ်သတ်လို့ ဖြေရှင်းလို့မရတာတွေအများကြီးပါ။ အဲဒါတွေကို Draftsman တွေရဲ့ ဖြတ်ထိုးဉာဏ်နဲ့ ဖြေရှင်းရတာပါ။

Unknown - December 13, 2008 at 2:11 PM

I want to know basic requirement of autocad. Please Could you explain about this thing for an Electronics engineer ?

Unknown - May 22, 2009 at 12:21 PM

ဒီ ပိုစ့် ကို တွေ့တာ သိပ်နောက်ကျသွားတယ်ဗျာ။
Myanmar IT Professional က post တစ်ခုမှာ AutoCAD
အကြောင်းဆွေးနွေးချက်တစ်ခုကို ဖတ်လိုက်ရတယ်
တစ်ယောက်က သူ့Discussion မှာ-
(CAD ဆိုတာ Computer Aided Design. Design ကိုနားမလည်ရင် Engineer မဖြစ်ဘူး. ပန်းချီဆရာဘဲဖြစ်မယ်. Designer ခိုင်းတာကို လုပ်ရတဲ့ ပန်းချီဆရာဘဲဖြစ်မယ်. Design ကိုလေ့လာသင့်တယ်. Drawing ကတော့ လက်နဲ့ဆွဲလည်း ဖြစ်တာဘဲ.)
http://myanmaritpros.com/forum/topic/show?id=1445004%3ATopic%3A121257&page=1&commentId=1445004%3AComment%3A122565&x=1#1445004Comment122565
အဲဒီ post ကို ဖတ်ရတာ တော်တော်စိတ်ပျက်မိတယ်
ကျွန်တော်ကိုယ်တိုင် Draftsman ဆိုတော့ စိတ်မကောင်း ဖြစ်မိတာပါ
KPZ ရဲ့ ဒီpost ကို ဖတ်မိတော့ အဲဒီမှာ KPZရဲ့ post ကို
ကူးယူဖော်ပြခွင့် တောင်းဘို့ စဉ်းစားမိသေးတယ်
ဒါပေမယ့် အခုတော့ မပြောတော့ပါဘူး
KPZ ကိုတော့ ကျေးဇူးပါ

Post a Comment