User Coordinate System

1 comments - Post a comment

AutoCAD 3D အကြောင်းကို စတင်လေ့လာနိုင်ဖို့ အရေးအကြီးဆုံး UCS လို့အတိုကောက် ခေါ်ဆိုလေ့ ရှိကြတဲ့ ( User Coordinate System )အကြောင်းကို စတင်လေ့လာ ကြရအောင်နော်။ UCS ဟာ လက်ရှိဆွဲသားမည့် မျက်နှာပြင် အနေအထားကို ဖော်ပြပေးပါတယ်။ 2D ပုံတွေကို ရေးဆွဲစဉ်မှာ UCS ကို ရံဖန်ရံခါမှသာ အသုံးပြုပေမယ့် 3D ပုံတွေကို ရေးဆွဲရာမှာတော့ UCS ဟာ အရေးအကြီးဆုံး ဖြစ်လာပါတယ်။ ဒါကြောင့် 3D ပုံတွေကို ဆွဲနိုင်ဖို့ UCS အကြောင်းကို သေချာသိအောင် လေ့လာသင့်ပါတယ်။

Command Line ကနေ UCSICON လို့ ရိုက်ထည့်ပီး P ကိုရွေးလိုက်ရင် UCS Icon Dialogue Box ပေါ်လာမှာပါ။

အဲဒီ့ Dialogue Box ထဲမှာ UCS ရဲ့ ပုံစံ၊ အရွယ်အစား၊ အရောင်တွေကို မိမိစိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။ ဒါပေမယ့် Default Setting ကတော့ အကောင်းဆုံးပါပဲလေ။
 UCS ကို သရီးဒီ အနေဖြင့် မြင်နိုင်ရန်အတွက် View Toolbar မှ SW Isometric View Button ကိုနှိပ်ကာ  Iso View ကို ပြောင်းလိုက်ပါက UCSလေးကို အောက်ပါပုံအတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။
UCS ကိုစစဖွင့်ချင်းမှာ သူရဲ့ မူလအိမ်ဖြစ်တဲ့ ( 0,0,0 ) မှာသာ တွေ့မြင်ရမှာပါ။ ဒါပေမယ့် မိမိလိုအပ်ရာ နေရာတွေကို ရွှေ့ပြောင်းလို့ အလွယ်တကူရနိုင်ပါတယ်။
အခုဆက်လက်ပြီး UCS နဲ့ ပုံတွေကို ဘယ်လို ဖန်တီးကြမယ် ဆိုတာကို ဆက်လက်လေ့လာ ရအောင်နော်။
အဲလိုလေ့လာဖို့  UCS Toolbar ကို ဖွင့်လိုက်ပါ။

( ၁ ) UCS
ပထမဆုံး UCS ဆိုတဲ့ဟာလေးကတော့ UCS လေးရဲ့ တည်နေရာကို ပြုပြင်ပြောင်းလဲတဲ့ အရာလေးပါ။ သူ့ရဲ့ Option ထဲကနေ မိမိပြုလုပ်လိုသော အခြေအနေကို ခေါ်ယူနိုင်ပါတယ်။ အဓိကအားဖြင့် Save Option ဖြင့် လက်ရှိရောက်နေသော နေရာမှာ ရှိတဲ့ UCSရဲ့ နေရာကို နာမည်ပေးပြီး Save လုပ်ထားနိုင်သလို Restore ဖြင့်ပြန်ခေါ်အသုံးပြုနိုင်ပြီး မလိုချင်တော့ဘူး ဆိုရင်တော့ D နဲ့ ပြန်လည် ဖယ်ရှား ပြစ်နိုင်ပါတယ်။ ကျန်တဲ့ အရာတွေကိုတော့ toolbar မှလည်း ပြုလုပ်နိုင်ပါတယ်။

( ၂ ) World UCS
ဒုတိယ အကွက်လေးထဲက အရာကတော့ UCSကို မိမိစိတ်ကြိုက် ရွှေ့ချင်ရာ ရွှေ့ထားပြီး သကာလ မူလနေရာကို ပြန်လည် ပို့ပေးချင်တယ်ဆိုရင် အသုံးပြု၇တဲ့ ဟာလေးပါ။ မိမိအလိုရှိရာအတိုင်း အသုံးပြုပြီးပြီဆိုရင် UCSကို အမြဲတစ်စေ မူလအိမ်ကို ပြန်လည် ပို့ပေးထားသင့်ပါတယ်။

( ၃ ) Previous UCS
မိမိ အသုံးပြုပြီးခဲ့တဲ့ UCS ရဲ့နေရာကို ပြန်လည် ခေါ်ယူခြင်း ဖြစ်ပါတယ်။

( ၄ ) Face UCS
3D ပုံများကို ရေးဆွဲရာတွင် အရာတစ်ခု၏ မျက်နှာပြင်တွင် UCSကို ထားလိုသောအခါ ထိုcommand ကို အသုံးပြုကာ မိမိထားလိုသော အရာ၏ မျက်နှာပြင်ကို ရွေးချယ်လိုက်သည်နှင့် တစ်ပြိုင်နက် UCSလေးဟာ ထိုမျက်နှာပြင်ပေါ်ကို ရောက်သွားမှာ ဖြစ်ပါတယ်။

( ၅ ) Object UCS
တစ်ခါတစ်ရံ မိမိဆွဲရသော သုံးဖက်မြင် ပုံများသည် အတည့်အတိုင်းမဟုတ်ပဲ စောင်းရွဲ့နေသော အရာဝထ္ထုများလည်း ဖြစ်တတ်သည်။ ထိုအခါမျိုးတွင် Object UCS ကို အသုံးပြုကာ အရာဝထ္ထု၏ အစောင်းအတိုင်း UCS ကို ထားနိုင်ပါသည်။

( ၆ ) View UCS
သုံးဘက်မြင် ပုံတွင်ပင် UCSကို 2D အဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်ပါသည်။ တစ်ခါတစ်ရံ ISO View မျာတွင် စာများကို မြင်ကွင်း အတည့်အတိုင်း မြင်လိုသောအခါ ထို UCSကို အသုံးပြုလေ့ ရှိပါတယ်။ ထို့အပြင် 3D Drawing များကို 2D Drawing များတွင် ထည့်သွင်း အသုံးပြုလိုသော အခါများတွင်လည်း အသုံးပြုလေ့ ရှိကြပါသည်။

( ၇ ) Origin USC
ထို command သည် UCS၏ မူလအိမ်တစ်ခုကို မိမိလိုအပ်ရာ နေရာ အသစ်တစ်ခုကို ရွှေ့ပြောင်းလိုက်ခြင်း ဖြစ်ပါသည်။

( ၈ ) Z Axis Vector UCS
Z-Axis ကို မိမိထားလိုသော နေရာတွင် ထားလိုပါက အသုံးပြုပါသည်။ 


( ၉ ) 3 Point UCS
ထို UCS သည် X, Y, Z  ၀င်ရိုးတို့၏ တည်နေရာကို အမှတ် ၃ မှတ်နေရာချပြီး ရွေးချယ်ခြင်း ဖြစ်သည်။ ထို့ကြောင့် အသုံးအ၀င်ဆုံးသော UCS ဆိုလည်း မမှားပါဘူး။ မိမိ အသုံးပြုလိုသော မျက်နှာပြင်ကို လိုသလိုကပ်ကာ အသုံးပြုနိုင်သော UCS တစ်ခုဖြစ်ပါသည်။

( ၁၀ ) X Axis Rotate UCS
X Direction ကို ၀င်ရိုးအဖြစ်ထားပြီး Y လက်တံကို လှည့်ပေးခြင်း ဖြစ်ပါတယ်။ မိမိလှည့်လိုသော Angle ကို ရိုက်ထည့်ရန်တော့ လိုအပ်ပါတယ်။ မပေးရင်တော့ ၉၀ ဒီဂရီ ထောင့်မှန်အတိုင်း လှည့်ပေးသွားမှာ ဖြစ်ပါတယ်။

( ၁၁ ) Y Axis Rotate UCS
Y Direction ကို ၀င်ရိုးအဖြစ်ထားပြီး X လက်တံကို လှည့်ပေးခြင်း ဖြစ်ပါတယ်။ မိမိလှည့်လိုသော Angle ကို ရိုက်ထည့်ရန်တော့ လိုအပ်ပါတယ်။ မပေးရင်တော့ ၉၀ ဒီဂရီ ထောင့်မှန်အတိုင်း လှည့်ပေးသွားမှာ ဖြစ်ပါတယ်။


( ၁၂ ) Z Axis Rotate UCS
Z Direction ကို ၀င်ရိုးအဖြစ်ထားပြီး XY လက်တံကို လှည့်ပေးခြင်း ဖြစ်ပါတယ်။ မိမိလှည့်လိုသော Angle ကို ရိုက်ထည့်ရန်တော့ လိုအပ်ပါတယ်။ မပေးရင်တော့ ၉၀ ဒီဂရီ ထောင့်မှန်အတိုင်း လှည့်ပေးသွားမှာ ဖြစ်ပါတယ်။

( ၁၃ ) Apply UCS
View Port တွေမှာ လက်ရှိ UCS ကို ထည့်သွင်းခြင်းပါ။ ဒီ UCS အကြောင်းကိုတော့ View Port တွေ အကြောင်း ရေးတဲ့အခါ ဆက်လက်ရေးပါမယ်။

ဒီလောက်ဆိုရင် UCS တွေရဲ့ကို သေချာသိလောက်ပြီပေါ့နော်။ အော်တိုကဒ်ဟာ ဒါကိုဆွဲရင် ဒါကိုသာ အသုံးပြုရမယ်လို့ ပုံသေကားချပ် ချထားတဲ့ ပညာရပ်မဟုတ်ပါဘူး။ သူရဲ့ အသုံးချပုံတွေကို သေချာ လေ့လာပြီး မိမိအတွက် အဆင်ပြေလွယ်ကူ မြန်ဆန်တယ်လို့ ထင်တဲ့ အရာတွေကို အသုံးပြုခြင်းဖြင့် အော်တိုကဒ်ကို အသုံးပြုကြပါလို့ ဆန္ဒပြုလိုက်ပါတယ်။ ။ ။ ။ ။




Print ပရင့်ထုတ်ရန်
 
This Post has 1 Comment Add your own!
HAPPY CLOUD - December 27, 2008 at 2:42 PM

ကောင်းတယ်ညီမရေ... 3D တွေစောင့် ဖတ်မယ်
ဖိုးမောင်

Post a Comment