တံဆိပ်ကပ်ခြင်း

4 comments - Post a comment

Draftman တစ်ယောက်ရဲ့ တာဝန်ဆိုတဲ့ ပို့ကိုရေးအပြီးမှာ လူတော်တော် များများရဲ့ မှတ်ချက်တွေကို ကျွန်မရလိုက်ပါတယ်။ ခုလို တလေးတစား လာရောက် ဆွေးနွေး မှတ်ချက်ပေးတဲ့ လူတွေအားလုံးကို ကျေးဇူး အရမ်းတင်ပါတယ်။ အဲဒီ့ကနေ ကျမစိတ်ထဲ ပေါ်လာတဲ့ အတွေးတွေကို ဆက်လက်ရေးပါရစေ။ ဒီပို့ကို ကျမရေးတာ ရည်ရွယ်ချက်တစ်ခု ရှိပါတယ်။ အခုနှစ်ပိုင်း စင်္ကာပူနဲ့ ဒူဘိုင်းနိုင်ငံက လုပ်ငန်းခွင်တွေမှာ မြန်မာ Draftmanတွေ ဟိုးအရင်ကထက်စာရင် တော်တော်များလာပါတယ်။ ကျမရေးခဲ့ဘူးသလိုပါပဲ လုပ်ငန်းခွင် အခြေအနေ၊ အမျိုးအစားပေါ် မူတည်ပြီး လုပ်ကိုင်ရတဲ့ တာဝန်တွေက ကွဲပြားနေပါတယ်။ လွယ်တယ် ခက်တယ် ဆိုတာကို ပုံသေကားချပ်ချပြီး ပြောလို့ မရပါဘူး။ လွယ်တာ လုပ်ရတဲ့လူက လွယ်တယ်ပြောမယ်။ လွယ်လွယ်ကူကူ မလုပ်ရတဲ့သူက ခက်ခဲတယ်ပြောမယ်။ ဒါသဘာဝပါပဲ။ နေရာခြင်းတူပေမယ့် တာဝန်ခြင်းမတူမှုတွေကြောင့် အငြင်းပွားမှုတွေ ဖြစ်လာရတာပါပဲ။ ကျမဒီနေရာမှာ အဓိက ပြောချင်တာက တံဆိပ်ကပ်ခြင်း အကြောင်းပါ။ လူတော်တော်များများက Made In China ဆိုတဲ့ တံဆိပ်ကပ်ထားတဲ့ ပစ္စည်းတွေကို မကောင်းဘူးလို့ မြင်နေကြတယ်။ ဒါပေမယ့် တစ်ချို့ ကောင်းမွန်တဲ့ ပစ္စည်းတွေ ရှိနေတတ်ပါတယ်။ ကောင်းတဲ့ ပစ္စည်းတွေလည်း တစ်ခါတစ်ရံကျတော့ Made In China ဆိုတဲ့ တံဆိပ် ကပ်ထားခြင်းကြောင့် မကောင်းဘူး အပြောခံလိုက်ရတာပါပဲ။ ဒါကြောင့်ထင်ပါတယ်. အိုင်ဖုန်းနောက်မှာ Designed by Apple in California Assembled in China လို့ ရေးထားပါတယ်။ :P ဒီလို သဘောပါပဲ.. Draftman ဆိုတဲ့ ခေါင်းစဉ် အောက်မှာ လုပ်ငန်းတာဝန်တွေ ကွဲပြားနေသလို လစာ အခွင့်အရေးတွေ ခြားနားနေမှာပါပဲ။ Draftman တစ်ယောက်ရဲ့ တာဝန်ဆိုတဲ့ ပို့ကို ရေးခဲ့တာဟာ Draftman တွေ အကြောင်းကို သေချာမသိတဲ့ လူတွေ နားလည် သဘောပေါက်အောင်၊ လက်ရှိလုပ်ကိုင်နေတဲ့ လူတွေထဲက Draftmanအလုပ်ကို သိမ်ငယ်စရာ တစ်ခုလို မြင်နေတဲ့ သူတွေအတွက် ရည်ရွယ်ပြီး ရေးခဲ့တာပါ။ အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဆိုသလိုပဲ ဒီအလုပ်ဟာ သိမ်ငယ်စရာကောင်းတဲ့ အလုပ်တစ်ခု မဟုတ်တာကို သိစေချင်ယုံ သက်သက်ပါ။ ဒါပေမယ့် ရောက်ရှိနေတဲ့ နေရာမှာ ရောင့်ရဲ တင်းတိမ်နေရမယ်လို့ ကျမမပြောခဲ့ပါဘူး။ ဒီနေ့ခေတ် ကမ္ဘာပေါ်မှာ နည်းပညာရပ်တွေ အားလုံးဟာ လိုက်လေ ဝေးလေလို့ ပြောရမလောက် တစ်နေ့တစ်ခြား အံ့မခန်း တိုးတက်နေပါတယ်။ ရှိသမျှပညာရပ်တွေ အားလုံးကို တတ်မြောက်ဖို့ ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ငှက်တွေက ပျံရင်းသေကြတယ်.. လူတွေက ကြံရင်းသေကြတယ်တဲ့။ ကိုယ်တတ်နိုင်တာလေးတွေ လက်လှမ်းမှီရာလေးတွေကို အစဉ်မပြတ် လေ့လာနေသင့်တာပေါ့နော်။ အဲဒီ့အခါ ကိုယ့်ရဲ့ Ability နှင့် ညီမျှတဲ့ လစာ အခွင့်အလမ်းတွေကလည်း သူ့အလိုလို ရောက်ရှိလာမှာပါ။ ဒီအခါ ရွေးချယ်မှု လမ်းကြောင်းတွေက ကိုယ့်အပေါ်မှာပဲ တည်မှီနေတယ်လို့ ကျွန်မထင်မြင်မိပါတယ်။ 
နောက်တစ်ခု တံဆိပ်ကပ်ခြင်းကတော့ AGTI, BE, ME နဲ့ RIT, YIT, YTU, GTC, GTI ဆိုတဲ့ကိစ္စတွေပါပဲ။ ဒါတွေ အကုန်လုံးကို အဆုံးအဖြတ်ပေးတာက တက္ကသိုလ် ၀င်ခွင့် စာမေးပွဲလို့ ခေါ်ကြတဲ့ ဆယ်တန်း အောင်ရမှတ်ပါ။ လူတစ်ယောက်ရဲ့ အရည်အချင်းကို ဒီအမှတ် စာရင်းလေးတစ်ခုနဲ့ ဆုံးဖြတ်မယ်ဆိုရင် မတရားဘူး ထင်တယ်နော်။ တစ်ခါတစ်လေ အရည်အချင်း ရှိတဲ့သူတွေလည်း ငွေကြေး အခက်အခဲကြောင့် တက္ကသိုလ် မတက်ခဲ့ရတာတွေ ရှိတာပဲလေ။ ကျမကတော့ အင်္ဂျင်နီယာဆိုတဲ့ ဘ၀ကို ငယ်စဉ်တည်းက အရူးအမူး လိုချင်ခဲ့တယ်။ ဆယ်တန်းအောင်တော့လည်း အမှတ်စာရင်းလေးကိုင်ပြီး ၀ိုင်အိုင်တီ တက်ခွင့်ရပြီ ဆိုပြီး ပျော်ခဲ့တယ်။ တကယ်လည်း တက္ကသိုလ် တက်ရမယ်လည်း ဆိုတော့ ကျမရဲ့ အပျော်တွေ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ပါလေရော။ ဘာလို့လဲ ဆိုတော့ အဲဒီ့နှစ်ကစပြီး ၀ိုင်တီယူ ဆိုတာကြီး ဖျက်သိမ်းလိုက်တာကြောင့် ကျမလည်း ဂျီတီစီနဲ့ပဲ ဘီအီးဖြစ်ခဲ့ ရပါတယ်။ ဒါပေမယ့် အကြောင်း တိုက်ဆိုင်လို့များ အမေးခံရလို့ ဂျီတီစီက ဘီအီးဆိုရင် အထင်မကြီးတတ်ကြပါဘူး။ ကျမတို့ကို ဘီအီးဘွဲ့ရအောင် သင်ကြားပေးခဲ့တဲ့ တစ်ချို့သော ဆရာတွေဟာ ဂျီတီအိုင် ကျောင်းဆင်းတွေပါ။ ဒါတွေကို သုံးသပ်ကြည့်ရင် ကပ်ထားတဲ့ တံဆိပ်တွေက အရေးမကြီးပါဘူး။ အရည်အသွေး အရည်အချင်းတွေသာ အဓိက ကျမယ်လို့ ကျမထင်မြင်မိပါတယ်။ အောင်မြင်ခြင်း ဆိုသည်မှာ ပေးဆပ်ခြင်းပေါ် တည်မှီ၏ လို့ကျမ ခံယူပါတယ်။ ဒါကြောင့်လူတိုင်း လူတိုင်း မိမိရရှိထားတဲ့ အခွင့်အလမ်းတွေ အပေါ်မှာ ကြိုးပမ်းအားထုတ်မှု၊ ပေးဆပ်မှုတွေ ရှိနေမှာပါ။ ဘယ်အရာမှ အလကား ရလာမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျမတို့အားလုံး တံဆိပ်ကပ်ခြင်းတွေကို မေ့ဖျောက်ထားပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် နားလည်မှု၊ လေးစားမှု၊ ယိုင်းပင်းကူညီမှု တွေနဲ့သာ ဆောင်ရွက်ကြမယ် ဆိုရင် အရာရာ အားလုံးဟာ ဒီထက်ပိုပြီး သာယာလာမယ်လို့ ထင်မြင်မိပါတော့တယ်။ ( မည်သူ့ကိုမှ စော်ကားလိုခြင်း မရှိပဲ စိတ်ထဲက ခံစားမှုများကို ပုံဖေါ်ရေးသာခြင်း ဖြစ်ကြောင်း ရိုးသားစွာ ၀န်ခံပါတယ်။ နားလည်မှုတွေ လွဲမှားမယ် ဆိုရင်တော့ ကျမ၏ မြန်မာစာ အသုံးအနှုန်း ညံ့ဖျင်းမှုကြောင့်သာ ဖြစ်ပါကြောင်း…….. )

Print ပရင့်ထုတ်ရန်
 
This Post has 4 Comments Add your own!
Thargyi(Gyobingauk) - October 24, 2008 at 5:32 PM

တံဆိပ်ကပ်ခြင်းဆိုတဲ့ပို့စ်ကို အရမ်းသဘောကျတယ် ကျွန်တော်က YTU ရဲ့ second last မျိုးဆက်လေ ကျွန်တော်တို့နောက် 1999 မှဆယ်တန်းအောင်တဲ့ညီ၊ ညီမတွေက BE ဘွဲ့ရဖို့ကျွန်တော်တို့ထက်ပိုကြိုးစားရတယ်ဆိုတာနားလည်ပါတယ်။ ဘာလို့လဲဆိုတော့ကျွန်တော်တို့က ဆယ်တန်းအမှတ်တစ်ခုတည်းနဲ့BE ကိုရနိုင်ပေမယ့် နောက်ပိုင်းညီညီမတွေကကြား အဆင့်သုံးဆင့်ဖြတ်ပြီးမှရတာမဟုတ်လား .. ဘာပဲဖြစ်ဖြစ်ပါ ကြိုးစားသူတွေအတွက် တံခါးတွေဟာ ပွင့်လျက်ပါ KPZ........

ပျော်ရွှင်ပါစေ........

HAPPY CLOUD - October 25, 2008 at 8:35 PM

တံဆိပ်တပ်တာနဲ့ ပတ်သတ်ပြီး ခံစားချက်တော့ သိပ်မရှိဘူး ညီမရေ... တံဆိပ်ဆိုတာ အပေါ်ယံပဲလေ... တကယ်ကောင်းတယ်ဆို ဘာ တံဆိပ်တပ်တပ်... အရေးမကြီးဘူး ထင်တာပဲ... လူလို့ တံဆိပ်တပ်ပြီး လူမပီသသူတွေပဲ ကညြ့်ပေါ့..
(ဖိုးမောင်)

Kaung Kin Ko - October 30, 2008 at 1:57 PM

ိကိုယ်လုပ်နေတဲ့ အလုပ်ကို ချစ်တတ်ဖို့ ပဲ လိုပါတယ်။
တံဆိပ်ကပ်တာ ကလည်း မနာလိုစိတ်နဲ့ ကပ်ကြတာ များပါတယ်။ အစ်ကို့ တစ်ချို့ သူငယ်ချင်းတွေဆိုရင် ၁၅၀ တန်းက လူတွေ၊ ဂျီတီအိုင်ကနေ ရောက်လာတဲ့ သူတွေကို ခွေးတိုးပေါက်က ဆိုပြီး ရက်ရက် စက်စက် တံဆိပ်ကပ်ကြသေးတယ်။
အစ်ကိုတော့ အဲလို တံဆိပ်ကပ်တာမျိုးကို မကြိုက်ဘူး။
တံဆိပ်အကပ်ခံရတဲ့ သူတွေထဲမှာ ကိုယ့်ထက်ပိုတော်တဲ့ သူတွေလည်း အများကြီးပဲ။

Wai Phyo - October 30, 2008 at 2:58 PM

Mangalar par KPZ.Pls go on your way...I will help you as i can .

Post a Comment