ဒီနေ့ စင်္ကာပူ

6 comments - Post a comment

ဒီနေ့ ကျမရဲ့ ညီမလေးတစ်ယောက် ရန်ကုန်ကို ပြန်တော့မယ်တဲ့။ သူနဲ့ ကျမက တစ်မအေထဲက မွေးလာတဲ့ ညီအမတွေ မဟုတ်ပေမဲ့ သူက ကျမကျွန်မ စင်္ကာပူရောက်တဲ့ အချိန်မှာ ပထမဦးဆုံး ခင်ခဲ့တဲ့ ညီမလေးပါ။ ကျမနဲ့ တစ်နှစ်ကျော် တစ်ခန်းတည်း နေခဲ့တဲ့ အပြင်၊ ကောင်းအတူ ဆိုးအတူ ရှိအတူ မရှိအတူ မျှဝေခဲ့တဲ့ သူလေးပါ။ သူပြန်မယ်ဆိုတော့ ကျမတို့ စင်္ကာပူ ရောက်စ အခြေအနေတွေကို ပြန်စဉ်းစားမိတယ်။ ကျမတို့ တူတူပျော်ခဲ့တာ၊ စိတ်ညစ်ခဲ့တာ၊ တူတူ အပင်ပန်းခံ အလုပ်လုပ်ခဲ့တာ အားလုံးပေါ့။ တစ်ကယ်တော့ ဒီကျွန်းနိုင်ငံလေးက ရောက်ခါစ လူတွေကို စိန်ခေါ်တတ်ပါတယ်။ အဲဒီ့ ဒဏ်ကို ကြံ့ကြံ့ ခံနိုင်ပြီး ဆိုရင်တော့ စင်္ကာပူဆိုတာ ဘာမှ မဟုတ်တော့ပါဘူး။  

စင်္ကာပူ အစိုးရကို လက်တစ်လုံးခြား လုပ်ခဲ့တဲ့ သူတွေထဲမှာ ကျမလည်းပါတယ်။ ကျမ စင်္ကာပူကို အလုပ်လာရှာချင်တော့ Visitနဲ့ မလာရဲပါဘူး။ ဆွေမျိုးသားချင်းကလည်း မရှိ၊ အဲဒီ့အချိန်မှာ သူငယ်ချင်းဆိုလို့ စင်္ကာပူမှာ ရှားရှားပါးပါး နှစ်ယောက်ပဲ ရှိပါတယ်။ သူတို့ နှစ်ယောက်ကလည်း စင်္ကာပူ ၀န်ကြီးချုပ်လောက် နှီးနီး အလုပ်ရှုပ်ရှာလေတယ်။ ဒီတော့ ကျမလည်း စင်္ကာပူဆိုတဲ့ မြို့ကြီးကို လာချင်တော့ ရှိသမျှအကြံ အကုန်ထုတ်ရတာပေါ့။

ဒီတော့ စင်္ကာပူက Private ကျောင်းတစ်ကျောင်းကို လျှောက်လိုက်ပါတယ်။ ကျောင်းလခလေးတော့ ရင်းရတာပေါ့လေ။ ဒီလိုနဲ့ မယောင်မလည်နဲ့ ရောက်လာတာပေါ့လေ။ ဟိုမှာကတော့ အချိန်ပိုင်း အလုပ်တွေ လုပ်လို့ ရတယ်လို့ ပြောကြတာပေါ့လေ။ ဒီကိုရောက်တော့မှ လုပ်လို့မရမှန်း သိလာရတယ်။ ဒါပေမယ့် ကျောင်းမှာ တွေ့ရတဲ့ မြန်မာ သူငယ်ချင်းတွေ အားလုံးက အရမ်းကို ခင်ဖို့ကောင်းတယ်။ စည်းလုံးမှုလည်း ရှိကြတယ်။ ကျမတို့ အားလုံး စုပေါင်းပြီး စင်္ကာပူမြို့ကို ပြန်စိန်ခေါ် ခဲ့ကြတယ်။ ကျမမြန်မာတွေ အားလုံးစုစည်းပြီး နည်းလမ်း ပေါင်းစုံနဲ့ စင်္ကာပူ တစ်မြို့လုံးကို ဖြန့်ပြီး အလုပ်ရှာကြပါတယ်။ အားလုံးရဲ့ စိတ်အားထက်သန်မှုနဲ့ ဇွဲကြောင့်လား မသိပါဘူး။ ကျမတို့ အားလုံး အလုပ်ကောင်းကောင်း ရခဲ့ကြတယ်။

အဲဒီ့ အချိန်တုန်းက အချိန်ပိုင်း အလုပ်လုပ်ကြတဲ့ မြန်မာတွေ သိပ်မများတာ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကျမလည်း အချိန်ပိုင်း အလုပ်လုပ်ရင်း ကျမတတ်တဲ့ အတတ်ပညာနဲ့ အလုပ်တွေလည်း ရှာရင်းပေါ့။ ကျမတော်တော် တော်လို့ ထင်ပါတယ်.. တော်တော်နဲ့ အလုပ်မရပါဘူး။ :P အချိန်ပိုင်း အလုပ်မျိုးစုံကို ကျမလုပ်ခဲ့ ဘူးပါတယ်။ ဖိနပ်ဆိုင်မှာ အရောင်းစာရေးမ အနေနဲ့ တစ်နေ့ကို ဆယ်နာရီ မတ်တတ်ရပ်ခဲ့ ဘူးပါတယ်။ လက်ကမ်းစာဆောင်တွေကိုလည်း သူများ လိုချင်ချင် မလိုချင်ချင် မျက်နှာ ပြုံးဖြဲဖြဲနဲ့ လိုက်ပေးခဲ့ ဘူးပါတယ်။ အလုပ်ကပြန်လာရင် မတ်တတ်ကလည်း မရပ်နိုင် နေရာကလည်း မရလို့ ရထားကြမ်းပြင်မှာ ထိုင်ပြီးလည်း စီးခဲ့ဘူးပါတယ်။ ညခုနှစ်နာရီကနေ မနက်ကိုးနာရီ အထိလည်း မိုးလင်းပေါက် မအိပ်ပဲ အလုပ်လုပ်ခဲ့ ဘူးပါတယ်။

တရားမ၀င် အလုပ်လုပ်တာ ဖြစ်တာကြောင့် ရဲကို မြင်တိုင်းကြောက်ရသလို စိတ်ထဲမှာ ဖြစ်လာတဲ့ အားငယ်မှုကိုလည်း ကိုယ့်ဘာသာ အားတင်းခဲ့၇တယ်။  ရန်ကုန်ကို ပြန်ပြေးချင်တာတော့ အခါခါပေါ့လေ။ ဒါပေမယ့် ဒီကို ဘယ်သူကမှ ရိုက်ပြီး လွှတ်လိုက်တာ မဟုတ်လို့ ကိုယ့်ကိုကိုယ် အားတင်းခဲ့ရတယ်။ စင်္ကာပူရဲ့ နည်းမျိုးစုံ စိမ်ခေါ်မှုတွေကို ကျမတို့ အားလုံး ကြံ့ကြံ့ခံ တွန်းလှန်ခဲ့ ကြပါတယ်။ အချင်းချင်း ဖေးမကူညီခဲ့ကြတယ်။ ဒီလိုနဲ့ သုံးလခွဲ အကြာမှာ ကျမအချိန်ပြည့် အလုပ်ရခဲ့ပါတယ်။ Student Pass ကို Cancel လုပ်ပြီး Spass တင်ခဲ့ပါတယ်။

ဒါတွေ ကျမပြောပြတာက စင်္ကာပူဆိုတာ ငွေလွယ်လွယ် မရသလို ရင်ဆိုင်ရမှာတွေ အများကြီးပါ။ ဒါကြောင့် ဒီကိုလာဖို့ ဘာတွေ လိုလဲလို့ မေးတိုင်း ကျမအမြဲပြောတာက အဓိက ပြင်ဆင်ခဲ့ရမှာက စိတ်ဓါတ်အင်အားပါ။ စိတ်ဓါတ်မခိုင်မာလို့ ဘ၀ပျက်တဲ့ လူတွေ၊ စိတ်ဓါတ်မကြံ့ခိုင်လို့ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို မရောက်တဲ့ လူတွေ ဒုနဲ့ ဒေးပါ။ ဒီမှာ အလုပ်မရလို့လဲ အားငယ်ဝမ်းနည်း စရာမရှိပါဘူး။ တစ်ချို့နေရာတွေမှာ ပညာ အရည်အချင်းထက် ကံတရားဆိုတာကလည်း ရှိသေးတာပဲလေ။

အခု ကျမကြုံတွေ့ ရသလောက်ကတော့ စင်္ကာပူက Private ကျောင်း ပြီးသွားလို့ အလုပ်ရတယ် ဆိုတာ တော်တော် ရှားပါတယ်။ ရတယ်ဆိုတဲ့ သူတွေကလည်း ရန်ကုန်မှာတည်းက နောက်ခံ ပညာအရည်အချင်းတွေ ရှိခဲ့တဲ့ သူတွေများပါတယ်။ ဥပမာ စာရင်းကိုင် ကျောင်းလာတတ်တဲ့ သူတွေထဲမှာ ရန်ကုန်မှာတည်းက စီးပွါးရေးဘွဲ့ရပြီးသား လုပ်ငန်းအတွေ့ အကြုံလေး နည်းနည်းပါးပါး ရှိတဲ့ လူတွေဆို ရပါတယ်။ ဆယ်တန်းအောင် ပြီးကာစ သူတစ်ယောက် Private School လာတတ်ပြီး အလုပ်ရတယ် ဆိုတာကို ကျမခုထိ မတွေ့ဘူးသေးပါဘူး။ ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင် ဆယ်တန်းအောင် ပြီးကာစ ကျောင်းသားတွေ အနေနဲ့ အစိုးရကျောင်းတွေကိုပဲ လာတတ်ပါလို့ အကြံပေး ပါရစေနော်။ အလုပ်လာလုပ်မဲ့ သူတွေ ဆိုရင်လည်း အသိပညာ အတတ်ပညာတွေ သင်ခဲ့သလို စိတ်ဓါတ် မာအောင်လည်း ပြင်ဆင် ခဲ့ပါလို့ ကျမ အကြံပေး ပါရစေနော်။

အခုကျွန်မ ပတ်ဝန်းကျင်မှာ တော်တော်ကို မြင်တွေ့ နေရတာ စိတ်မကောင်းစရာတွေကြီးပဲ။ နိုင်ငံခြားသားက နှိပ်ကွပ်ရင် ခံပြင်းမှု၊ ဒေါသထွက်မှုတွေပဲ ဖြစ်မယ်။ မြန်မာ အချင်းချင်း နှိပ်စက်တော့ လုပ်ရက်လေခြင်း ဆိုတဲ့ ၀မ်းနည်း ကြေကွဲမှုတွေ ပါ ပါလာပြီပေါ့။ မသိနားမလည်တဲ့ ကိုယ့်မြန်မာ အချင်းချင်း နားလည်လာအောင်၊ သိလာအောင်၊ နိုင်ငံခြားသား လူလည်ကျတာ မခံရအောင် ကူညီရိုင်းပင်းမယ့်အစား နိုင်ငံခြားသားတွေ ဘက်ကနေ အလိုတူ အလိုပါ လူလည်ကျ နှိပ်ကွပ်နေတာကတော့ ဆိုးလွန်းပါတယ်နော်။

ကျွန်မပတ်ဝန်းကျင်က အဖြစ်အပျက် တစ်ချို့ကို ပြောပြမယ်နော်။ မသိသေးတဲ့ သူတွေသိပြီး နမူနာယူနိုင်အောင် လို့ပါ။ ကျွန်မသူငယ်ချင်းတစ်ယောက်က တစ်ရက်မှာ သူ့ရဲ့သူငယ်ချင်းတစ်ယောက်နဲ့ မိတ်ဆက်ပေးတယ်။ ကိုယ့်အကြောင်း၊ သူ့အကြောင်း မိတ်ဆက်ရင်းနဲ့ သိလာရတာက -- သူ့ရဲ့လစာက တစ်လကို စင်ကာပူဒေါ်လာ (၉၀၀) ပဲရတယ်တဲ့။ ဒီအထိ ကျွန်မစိတ်ထဲ ဘယ်လိုမှ မနေပါဘူး။ အော်.. ဟုတ်လားပေါ့။ အခြေခံလစာ (၁၈၀၀) ရရမယ့် S-pass သမားတစ်ယောက်ဟာ (၉၀၀) ပဲရတယ်ဆိုတော့ ရရာအလုပ်ကို ယာယီဝင်လုပ်တယ် လို့ပဲ ကျွန်မက ထင်လိုက်မိတယ်။ ဒါဆိုလည်း လစာများတဲ့ အလုပ်ကိုရှာပြီး ပြောင်းပေါ့လို့ ကျွန်မကပြောတော့ (၅)နှစ်စာချုပ်ချုပ်ထားရတယ်တဲ့။ ကျွန်မ အံ့သြသွားတယ်။ (၅) နှစ်လုံး ဒီလစာပဲလား ဆိုတော့.. အဲဒါလည်း သေချာမသိဘူးတဲ့။ ဒါနဲ့ ကျွန်မလည်း မနေနိုင် မထိုင်နိုင် ဆက်မေးမိတယ်။ Agent က Singaporean Agent လားဆိုတာ.. မဟုတ်ဘူးတဲ့...။ ဗမာ Agent တဲ့။

Singaporean နဲ့ အိမ်ထောင်ကျပြီး Agent လုပ်နေတဲ့ ဗမာတဲ့။ ကျွန်မ ဘာဆက်ပြောရမှန်းကို မသိဘူးဖြစ်သွားတယ်။ ပိုပြီးဆိုးတာက Agent Fee က (၃၈၀၀) တဲ့။ အကျိုးဆောင်ခ ယူတဲ့အတွက် ကျွန်မ ဘာမှ မပြောလိုပါဘူး။ အလုပ်မရှိတဲ့ သူကို အလုပ်ရှာပေးလို့ အကျိုးဆောင်ခ ယူတာကို ကျွန်မ နားလည်ပါတယ်။ ဒါပေမယ့်.... Singapore လိုနေရာမျိုးမှာ တစ်လကို အသုံးစရိတ် ပျမ်းမျှ (၆၀၀) ကနေ (၈၀၀) ကြားမှာ ရှိနေတတ်ပါတယ်။ သူဘယ်လောက်စုမိမှာလဲ။ သူ့ကို ကြည့်ပြီး ကျွန်မစိတ်မကောင်း ဖြစ်သွားတယ်။ Agent Fee ကျေအောင် သူဘယ်လောက် အချိန်ဘယ်လောက် ကြာကြာ အလုပ်လုပ်ရဦးမှာလဲ။ မြန်မာပြည် မှာတုန်းက အဲဒီ ပိုက်ဆံကို သူဘယ်က ယူလာတာပါလိမ့်။ မိဘက တတ်နိုင်လို့ ပေးလိုက်တာ ဆိုတော်သေး။ သူများဆီက ချေးဌားလာတာ ဆိုရင်တော့ တစ်လ တစ်လ အတိုးတောင် အလျင်မီအောင် ပေးနိုင်မလား။ ကျွန်မက သူ့ကို အလုပ်ပြောင်းပေါ့ ဆိုတော့ သူ မပြောင်းရဲဘူးတဲ့။ ကျွန်မတော်တော်ကို စိတ်ထဲမှာ ခံပြင်းသွားမိတယ်။ ဗမာ အချင်းချင်း လုပ်ရက် လေခြင်းနော်။

နောက်ထပ် သူငယ်ချင်းတစ်ယောက်ကတော့ လူလည်ကျနည်း အသစ်နဲ့ ကြုံလိုက်ရတာပေါ့။ Singapore မှာ အလုပ်ရရင် အလုပ်ရှင်ဆီက အမြဲတမ်း ခန့်စာရဖို့ စောင့်ရပါတယ်။ အဲဒီစာက အနည်းဆုံး (၃) လကြာ တတ်ပါတယ်။ အဲဒီစာရပြီးမှသာ ခွင့်ခံစားခွင့်တို့၊ ဆေးခွင့်ခံစားခွင့်တို့ ရတာပါ။ Comfirmation Letter မရမချင်း အလုပ်ထဲမှာ အမှားအယွင်း မဖြစ်အောင် ဂရုစိုက်ရတာပေါ့လေ။ ဒီတစ်ခါ ဗမာ အချင်းချင်း လူလည်ကျပုံက တစ်မျိုး။ Agent Fee အများကြီးယူတယ်။ Company ကလည်း S-pass တင်ပေးတယ်။ Approved ဖြစ်တယ်။ အလုပ်လုပ်တယ်။ တစ်လလည်း ပြည့်ရော.. နင်အလုပ်လုပ်တာ မကြိုက်ဘူးဆိုပြီး ဘာမပြော ညာမပြော အလုပ်ဖြုတ်ပစ်လိုက်တယ်။ ကဲ... လုပ်ပုံလေး မလှဘူးလား... ရွှေမြန်မာ အချင်းချင်း လူလည်ကျပုံတွေလေ။

ဒါက ခြင်္သေ့ကျွန်းက ရွှေမြန်မာတွေ..၊ ရွှေပြည်တော်ကြီးဆီက ရွှေမြန်မာတွေကျတော့ တစ်မျိုး၊ အခြေခံလစာ တစ်ရက်ကို စင်ကာပူဒေါ်လာ (၁၈)ဒေါ်လာ ရတဲ့ အလုပ်မှာ မြန်မာတွေကို (၁၆) ဒေါ်လာနဲ့ သွင်းတယ်။ အင်း-- ဒါက မဆိုးသေးဘူး။ အကျိုးဆောင် ကတောင်းချက်ကတော့ စင်ကာပူက အကျိုးဆောင်တွေထက်တောင် ဆိုးသေး။ ဆိုးလိုက်တဲ့ အဖြစ်တွေ။ ရန်ကုန်မှာတော့ မသိနားမလည်တဲ့ မြန်မာတွေကို အပြောကတော့ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်။ တစ်နှစ် အတွင်းပဲ သူဌေးကြီး ဖြစ်တော့ မလိုလို။ ဒီမှာ အဆင်ပြေနေတဲ့ သူတွေ အကြောင်းကို ရွေးပြောပြီး တစ်ကယ်တမ်း ဒီရောက်တော့ ရေနံမြေ ခေတ်က ဆယ်ပေ ပတ်လည် အခန်းကျဉ်းလေးကမှ ကျယ်ဦးမယ့် အခန်းကျဉ်းလေးထဲမှာ စုပြုံထား။ သူဌေးဖြစ်ဖို့ နေနေသာသာ၊ အရင်းကျေအောင် မနည်းကို ရုန်းကန်နေရတဲ့ မြန်မာတွေ ဒုနဲ့ဒေးပါ။ သူတို့တွေရဲ့(Agent ဆိုး) စိတ်ထဲမှာ ကိုယ်ချင်းစာတရား ဆိုတာ ဘာလဲ မေ့ကုန်ကျပြီလား။ ရိုင်းပင်းမှုတွေ ပျောက်ကုန်ပြီလား။ ကိုယ့်ဝမ်းစာ ပြည့်ဖို့ သူများဘ၀ကို နင်းကြတဲ့ မြန်မာတစ်ချို့ ၀ဋ်ဆိုတာကို မကြောက်ကြတော့ဘူးလား။

လုံးဝန်းနေတဲ့ ကမ္ဘာကြီး ပေါ်မှာ လူတွေက တစ်ယောက်နဲ့ တစ်ယောက်တွဲ ပြီးရပ်နေကြတာပါ။ ကိုယ်က သူများကို ပေးလိုက်တဲ့ ဒုက္ခတွေ တစ်နေ့ကျရင် ကိုယ့်ဆီကို လက်ဆင့်ကမ်း ပြန်ရောက်လာတတ်တာကို မေ့နေကြပြီနဲ့ တူပါတယ်။ ကျွန်မစိတ်ထဲမှာတော့ မြန်မာအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေလို့သာ ရေရွတ်နေမိပါတယ်..။
(အခုလက်ရှိ စင်္ကာပူရဲ့ အလုပ်အကိုင် အခြေနေတွေကို ဒီမှာ ဖတ်လိုက်ပါအုံးနော် )

Print ပရင့်ထုတ်ရန်
 
This Post has 6 Comments Add your own!
MGLUAYE - November 10, 2008 at 1:29 PM

အရမ်း ကောင်းမွန် ပြည့်စုံတဲ့ သတင်း အချက်အလက် လေးတွေပါ... ကွန်ဂရက်ကျူးလေးရှင်းပါ :-)

Thargyi(Gyobingauk) - November 11, 2008 at 11:10 AM

ဟုတ်တယ်ညီမရေ..
ဟိုကလူတွေကဒီကိုနတ်ပြည်လို့ထင်နေလားမသိပါဘူး..
ပြောပြရင်လဲမင်းတို့ကျတော့ဘာလို့နေနေတာလဲတဲ့..
သေခြာရှင်းပြတယ်..တချို့လဲနားလည်တယ်..
တချို့လဲရှင်းပြလို့မရဘူး..
အချက်အလက်တွေအတွက်ကျေးဇူးပါ..

KPZ - November 11, 2008 at 12:28 PM

မင်းတို့ ဘာလို့ နေ နေလဲဆို ပြောလိုက်အကို " ရုန်းရင် နစ်နေလို့ လို့ "

HAPPY CLOUD - November 11, 2008 at 4:41 PM

ညီမလေးရေ... အတော်ကိုကောင်းတဲ့ပိုစ့်လေးပါပဲကွာ... ဒီလိုပါပဲ...နေရာတိုင်းမှာလိုပါ... ရွှေအကြောင်း မြေပြောင်းရင်ပိုသိတယ်ပြောရမလားကွာ...ဟူး...ဘာကြောင့် လို့ပြောရင် မကောင်းပါဘူးညီမလေးရာ...အပြောလွယ်ပေမဲ့ အလုပ်ခက်တယ်ညီမလေးရေ...
(ဖိုးမောင်)

ရှင်သန်မှု - November 18, 2008 at 9:30 AM

ညီမရေ. ရေးထားတာလေးတွေကပြည့်စုံတယ်။ တချို့ကပြောပြတာကိုလက်မခံပဲ၇န်တောင်ပြန်တွေ့သေးဟ..ငွေရဖို့၊အလုပ်ရဖို့ရုန်းကန်ရင်း၊အကြွေးပင်လယ်မှာနစ်သွားကြတဲ့သူတွေအများကြီးပဲရှိတယ်ဆိုတာမယုံကြဖူးလေ.. ကိုယ်ကတွေ့အကြုံရှိနေတာတောင်တခါတလေအလုပ်ရဖို့ခက်ခဲတယ်ဆိုတာဒီမှာရှိနေတဲ့သူပဲသိတာဟ..ကြောက်စရာအကောင်းဆုံးကမြန်မာအချင်းချင်းသွေးစုပ်တာပဲ.. မြန်မာပြည်ကမသိတဲ့သူတွေကိုဒီလိုမျိုးလုပ်တာရင်နင့်စရာပဲ

raincloudco - March 4, 2009 at 5:00 PM

ရွှေအချင်းချင်း လုပ်တာကတော့ရင်နာဖို့ကောင်းတယ်ဗျာ။ ကျနော်လဲ Agent နဲ့လာတာပါ။ Agent ခက S$4300 ၊ရတဲ့လခက S$1000 ကျော်တယ်ဆိုရုံလေး။စာချုပ်က 3 နှစ်။ Agent ကမြန်မာ ။ဒီရောက်မှသိတယ်။ ကို့ကိုလူလည်ကျလိုက်ပြီဆိုတာ။ရောက်တာလဲမကြာသေးတော့ ဘာမှမပြောရဲဘူးဘူး။ အဲဒီ Agent နဲ့လာမယ့် Fri တွေကိုလှမ်းတားတော့လဲ တစ်ယောက်မှ နားမထောင်ကျဘူး။ သူတို့ကိုမလာစေချင်လို့ လို့အထင်ခံရပြန်တယ်။ ကျနော်ကတော့ နောက်ဘယ်သူမှ ခုလိုမဖြစ်ပါစေနဲ့လို့ ဆုတောင်းလိုက်ပါတယ်ဗျာ။

Post a Comment