Showing posts with label အမှတ်တရ. Show all posts
Showing posts with label အမှတ်တရ. Show all posts

၂၀၀၉ သင်္ကြန်

6 comments - Post a comment

ကေပီဇက် စင်္ကာပူရောက်ကတည်းက သင်္ကြန်ပွဲကို သွားတယ်ဆိုတာ တော်တော်ရှားပါတယ်။ ဒီနှစ်တော့ သူငယ်ချင်းတွေနဲ့ အတူတူ စင်္ကာပူနိုင်ငံရဲ့ အကြီးမားဆုံးသော သင်္ကြန်ကြီးကို သွားရောက်ဆင်နွှဲ ဖြစ်ခဲ့တယ်။ ဟုတ်ပရှင် .. အင်မတန်ကို ကြီးကျယ်ခမ်းနားသော သင်္ကြန်ကြီးပါပဲ။
မိုးပျံနေတဲ့ တိုက်တွေကြားမှာ ကျမတို့ရဲ့ ဖျော်ဖြေရေး စင်လေးက သေးသေးကွေးကွေး ချစ်စရာလေးပါ။
စင်ရဲ့ အမြင့်ကလည်း ကျမတို့ ရန်ကုန်က ရပ်ကွက်စင်ထက်တောင် နိမ့်ပါသေးတယ်



စင်ရဲ့ အကွက်အကွင်းကောင်းကောင်းရှေ့မှာ VIP တွေအတွက်တဲ့ သေချာ ပြင်ဆင်သတ်မှတ်ထားလို့ ...
သူတို့သတ်မှတ်ထားတဲ့ VIP တွေကလွဲရင် ကျန်တဲ့ သူတွေက ချွေးတစ်လုံးလုံးနဲ့ ရှေ့ကို တိုးဝှေ့ကြည့်ရပါတယ်။ VIP ဆိုတဲ့ လူတန်းစားကို ဘယ်ပေတံနဲ့များ တိုင်းတာပါလိမ့်နော်။ သိချင်စမ်းပါဘိ။ ကျမတွေ့တာတော့ မြန်မာ သံရုံးက လူတွေပဲတွေ့ပါတယ်။ ကောင်းလေစွ ကောင်းလေစွ။ ကျမတို့ မြန်မာတွေ ဒုက္ခရောက်ရင် မတရားဖိနှိပ်ခံရရင် မကူညီနိုင်တဲ့..အခွန်ငွေကောက်ဖို့သာ စဉ်းစားတဲ့ လူတွေက VIP တဲ့လေ။ လေးစားဖွယ် ကောင်းလေစွ။ ။

အလုပ်တွေပင်ပန်းလို့ စိတ်ပင်ပန်း လူပင်ပန်းဖြစ်နေတဲ့ ကြားကနေ ကိုယ့်ရိုးရာ အတာသင်္ကြန်ကို လာဆင်နွှဲတာတောင် ကန့်သတ် ခွဲခြားမှုတွေနဲ့ ပါလား။ မမြင်ရလို့ တိုးဝှေ့ကြည့်တော့လည်း စည်းကမ်းရှိပါတဲ့ ။ အင်း တစ်ခုခုတော့ လွဲနေပီ။
ရွံ့တွေ ဗွက်တွေကြားကနေ ပွဲပီးတဲ့ အထိ မမြင်ရတာတောင် အားကြိုးမာန်တက် အားပေးတဲ့ မြန်မာတွေရဲ့ စိတ်ဓါတ်ကတော့ ချီးကျူးစရာ ကောင်းလှပါတယ်။ ဘယ်လိုတွေပဲ ဖြစ်ဖြစ် မြန်မာတစ်မျိုးသားလုံး မြန်မာ နှစ်သစ်ကူး အခါသမယမှာ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ကေပီဇက် မှ ဆုတောင်းပေးလိုက်ပါတယ်နော်.......

 
အ၀းက ကြည့်လည်း မမြင်ရပါ။
  
အနီးက ကြည့်လည်း မမြင်ရပါ။။
 
ထိုထိုသော လူများကို VIP ဟု ခေါ်ပါသည်။

ထိုကဲ့သို့ သက်တောင့် သက်သာ အလကားကြည့်ရှုနိုင်ပါသည်။
 
 

 

တစ်နှစ်ပြည့် အမှတ်တရ

10 comments - Post a comment

MyHotComments.comဘာလိုလိုနဲ့ ဒီဘလော့လေးကို ကျမ အသက်သွင်းခဲ့ တစ်နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ တစ်နှစ်ဆိုတဲ့ ကာလအတွင်းမှာ ဒီဘလော့လေးကနေ အသိပညာတွေ အများကြီး ရခဲ့ရပါတယ်။ ကျမနဲ့ ဘ၀တူ လုပ်ငန်းတူ သူငယ်ချင်းပေါင်း များစွာနဲ့ ရင်းနှီးခဲ့ ရသလို အသိပညာတွေ ဖလှယ်နိုင်ခဲ့ပါတယ်။ ဒီဘလော့လေးကို ဖန်တီးထားရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကျမကိုယ်တိုင်မသိသေးတဲ့ အရာတွေကို ရှာဖွေလေ့လာရင်း မှတ်တမ်းလေးအဖြစ် သိမ်းဆည်းထားရင်း အချင်းချင်း ကိုယ်လေ့လာ သိရှိထားသမျှကို နှီးနှောဖလှယ်တိုင်ပင် နိုင်စေဖို့ပါ။
ဘယ်နေရာမှာမှ တစ်ဦးတစ်ယောက်ထဲ ဆောင်ရွက်လို့ မရသလို ဒီဘလော့လေးဟာ ကျမတစ်ယောက်ထဲရဲ့ ကိုယ်စွမ်း ဥာဏ်စွမ်းနဲ့ ဖန်တီးထားတာတော့ မဟုတ်ပါဘူး။ ကျမကို စေတနာ အပြည့်နဲ့ ၀ိုင်းဝန်း ကူညီခဲ့သူတွေ ရှိလို့ပါ။ ကျေးဇူးတင်ထိုက်တဲ့ သူတွေ အားလုံးကို ကျမဘလော့လေး တစ်နှစ်ပြည့်မှာ ကျေးဇူး တင်ကြောင်း ပြောပါရစေ။

ဒီလိုအချိန်မှာ ကျမသတိရ ကျေးဇူးတင်မိတာက လက်နဲ့ ပုံဆွဲတတ်အောင် ( Hand Drawing )စိတ်ရှည်လက်ရှည် သင်ကြားပေးခဲ့တဲ့ ၀ိုင်တီယူက ဆရာကြီး ဦးသိန်းထွန်းအောင်၊ အော်တိုကဒ်ကို သင်ကြားပေးခဲ့တဲ့ ဆရာဦးကျော်စိန်၊ QuickCAD ကဆရာ ဆရာမများ၊ SunTech ကဆရာ ဆရာမများနှင့်အတူ သင်ဆရာ မြင်ဆရာ ကြားဆရာတွေ အားလုံးပါ။

ဘလော့နဲ့ ပတ်သတ်ပြီး ပထမဦးဆုံး ကျေးဇူးတင်ရမှာက ကျမစိတ်ကူးတွေကို လက်တွေ့ ဖြစ်လာအောင် စတင်အကောင်အထည် ဖော်ပေးခဲ့တဲ့ ကိုZYHပါ။ ကျမက စိတ်ကူးသာရှိပြီး လက်တွေ့ ဖြစ်လာအောင် မလုပ်နိုင်တာကို လုပ်ပေးခဲ့သလို ဘလော့နည်းပညာတွေကို သင်ကြားပေးခဲ့တဲ့သူပါ။

နောက်တစ်ယောက်ကတော့ ပထမဦးဆုံး ကော်မန့်လာရေး ဆုံးမပေးတဲ့ ကိုမီထရို ပါ။
“ တကယ်ကောင်းတဲ့ အိုင်ဒီယာပါပဲ.....။ ဒါပေမဲ့ သိပ်အရမ်းကြီး မချီးကျူးသေးဘူး...။ စောင့်ကြည့်အုံးမယ်။
ရေတက်ဦး ငါးဇင်ရိုင်းလို၊ ကောက်ရိုးမီးလို ခဏလေး ပေါ်ပင်လုပ်ရုံနဲ့၊ ပေါ်ပြူလာ ဖြစ်ချင်ရုံ သက်သက်နဲ့တော့ မရဘူး...။တကယ် တတ်လိုတဲ့ သူတွေကို တကယ် ဖြန့်ဝေပေးနိုင်ဖို့
ကြိုးစားဖို့ လိုတယ်။ ဒါမှ လုပ်ရကျိုးလည်း နပ်မှာ ဖြစ်သလို AutoCAD နဲ့ ပတ်သက်လာရင် အများက အားထားရတဲ့ ဘလော့ဂ် တစ်ခုဖြစ်လာမှာ ဖြစ်တယ်....”
သူပေးခဲ့တဲ့ ကော်မန့်ကြောင့် ဒီဘလော့ကို ကျမ ပေါ့ပေါ့ တန်တန် မလုပ်ရဲတော့တာပါ။ ခုချိန်ထိလည်း ဘလော့ ရေးချင်စိတ်တွေ ပျောက်ပျောက်သွားတိုင်း အဲဒီ့ ကော်မန့်ကို ပြန်ပြန်ဖတ်ပီး အားယူရတုန်းပါ။

နောက်တစ်ယောက်ကတော့ စကားတင်းတွေ ဘယ်လောက်ဆိုဆို ရည်ရွယ်မှန်တဲ့ လမ်းကြောင်းကို ဘယ်တော့မှ မပျောက်စေနဲ့နော် ညီမလေးလို့ ဆုံးမပြီး ဘလော့မှန်မှန်ရေးဖို့ အမြဲတစေ ဆုံးမတဲ့အပြင် ကျမရဲ့ ပို့တွေကို သူ့ဘလော့မှာပါ ဖော်ပြပေးခဲ့တဲ့ ကိုဘလူးဖီးနစ်။ ကျမဒီဘလော့ကို မြန်မာပြည်က လူတွေပါ ဖတ်လို့ရအောင် ဒိုမိန်းဝယ်ချင်ပါတယ်ဆိုတော့လည်း မအားတဲ့ကြားကနေ အစအဆုံး လိုက်လုပ်ပေးခဲ့ပါတယ်။

ကျမဘလော့ စရေးကတည်းက လိုအပ်တဲ့ အချက်အလက်တွေကို အမြဲကူညီ ပံ့ပိုးပေးခဲ့သလို အခုအချိန်အထိ ကျမမသိတဲ့ အရာအတော်တော် များများကို သင်ကြားပေးနေတဲ့ ကိုဆန်းလင်းထွန်း။
ကျမဘလော့ရဲ့ Contributor တစ်ဦးဖြစ်တဲ့အပြင် စာမရေးရင် ရေးချင်စိတ် ဖြစ်လာအောင် တိုက်တွန်းတတ်သော စိတ်ရဲ့ စေရာကို နာခံတတ်တဲ့ ကိုမိုးမြင့်တိမ်၊ ကျမမသိတာတွေ လျှောက်မေးရင် စိတ်ရှည်လက်ရှည် ဖြေပေးတဲ့အပြင် စာမရေးရင် ဂျီရိပ်မှာ လာလာဆူတတ်တဲ့ ကိုဖိုးမောင်( Happycloud ) နဲ့အတူ ကျမဘလော့ကို ပို့စ်အသစ် ရှိရှိ မရှိရှိ လာလည်ပေးကြတဲ့ သူငယ်ချင်း ညီအကို မောင်နှမတွေ အားလုံးကို ကျေးဇူးတင် ပါကြောင်းနဲ့ ဒီဘလော့လေး ဒီ့ထက်ပိုမို တိုးတက်စေဖို့ ၀ိုင်းဝန်းကူညီကြပါလို့ တောင်းဆို ပါရစေနော်။

 

Keep on Blogging By My Metro

No Comment - Post a comment

တနှစ်တောင် ပြည့်သွားပီ။ တိတိကျကျ ပြောရရင် ဝင်ရိုးပေါ်မှာ သူ့ဘာသာသူလည်ရင်း နေကိုပတ်နေတဲ့ ကမ္ဘာကြီး တစ်ပတ်ပြည့်သွားတဲ့ အချိန်ပေါ့။ ကေပီဇက်ကို သိခဲ့တာ ကြာပါပြီ။ အော်တိုကဒ်နဲ့ ပတ်သက်တဲ့ ဘလော့ဂ်လေး ရေးချင်တယ်၊ လေ့လာသူတွေအတွက် ဘလော့ဂ်လေးပေါ်က တဆင့် မိမိတို့ သိရှိသမျှကို မျှဝေပြီး အကျိုးများစေချင်တယ် ဆိုတဲ့အကြောင်း ပြောလာတော့ ကျွန်တော်က ဒါဟာ တကယ်ကောင်းတဲ့ အိုင်ဒီယာပါ။ ပေါ်ပင်တော့ မလုပ်နဲ့၊ ဇွဲနဲ့ တစိုက်မတ်မတ် လုပ်သွားဖို့ အကြံပေး တိုက်တွန်းခဲ့ပါတယ်။ ခဏလောက်လေး ကောက်ရိုးမီးလို ဟုန်းခနဲ့ ထတောက်ပြီး ငြိမ်းသွားမှာမျိုး မလိုလားလို့ပါ။

ဒါပေမယ့် ကေပီဇက်က တကယ်ကို စေတနာ အပြည့်နဲ့ ရှားပါးတဲ့ အားလပ်ချိန်လေးတွေကို အသုံးချပြီး သူသိထားသမျှ အော်တိုကဒ် ပညာတွေ၊ ကျူတိုရီယယ်တွေ၊ ဆော့ဖ်ဝဲတွေပါ မကျန် မျှဝေပေးခဲ့ပါတယ်။ သူ့ရဲ့ အားထုတ်မှုကြောင့် ဒီအော်တိုကဒ် ပညာကို လေ့လာသင်ယူလိုတဲ့ သူတွေလည်း ဘလော့ဂ်ပေါ်ကတဆင့် ကောင်းကောင်း လေ့လာနိုင်ခဲ့တယ်။ ပြည်တွင်းက ဖတ်ရှုလေ့လာသူတွေ အဆင်ပြေအောင် အခုလက်ရှိ ဒိုမိန်းကို ကိုယ်တိုင်စိုက်ထုတ် ဝယ်ယူပြီး ပညာဒါနပြုခဲ့တယ်။ ဒါ့အပြင် သူမကိုယ်တိုင်က စင်္ကာပူမှာ အော်တိုကဒ်နဲ့ အသက်မွေးနေတဲ့သူ ဖြစ်တာကြောင့် စင်္ကာပူမှာ ကြုံရတဲ့ အော်တိုကဒ်သမား တစ်ယောက်ရဲ့ အတွေ့အကြုံတွေ၊ စင်္ကာပူကို အလုပ်လာလုပ်ချင်တဲ့ သူတွေအတွက် သိထားရမယ့် ဆောင်ရန်၊ ရှောင်ရန် လမ်းညွှန်ဆောင်းပါးတွေပါ ရေးသားမျှဝေခဲ့တာ တွေ့ရပါတယ်။

“AutoCAD ဆွဲတာဟာ ကျွန်မအတွက်တော့ အနုပညာတစ်ရပ်ပါပဲ။ အမေတစ်ယောက်က သားသမီး တစ်ယောက်ကို ပုံသွင်းသလို၊ ဥယျာဉ်မှုး တစ်ယောက်က ပန်းပွင့်တစ်ပွင့်ကို ဖန်တီးသလို၊ AutoCAD Drawingတစ်ခုကို ကိုယ်လိုရာ ပုံသွင်းနိုင်ပါတယ်” လို့ ခံယူထားတဲ့ ကေပီဇက်ရဲ့ ပညာဒါနပန်းခင်းလေးဟာ တနှစ်တာဆိုတဲ့ ကာလလေး အတွင်းမှာ တန်ဖိုး မဖြတ်နိုင်တဲ့ ဆောင်းပါး (ပို့စ်)ပေါင်း ၇၀ နီးပါး၊ တနည်းအားဖြင့် စေတနာပန်းပွင့်ပေါင်း ၇၀ နီးပါးနဲ့ ဝေဆာနေတာကို စာဖတ်သူတို့လည်း တွေ့နိုင်ပါတယ်။

ဒီကမ္ဘာကြီးပေါ်မှာ လူသားတွေ ဆက်လက်နေထိုင် နေသရွေ့ လူသားတွေရဲ့ နေထိုင်မှုဘဝကို ပြည့်စုံကုံလုံစေဖို့၊ ပြီးပြည့်စုံတဲ့ လူမှုဘဝကို ရရှိဖို့ လူသားတွေကပဲ ဆက်လက် ကြံဆောင်နေကြအုံးမှာပါပဲ။ လူနေမှုဘဝရဲ့ အစိတ်အပိုင်း တစ်ရပ်ဖြစ်တဲ့ အခြေခံ အဆောက်အအုံတွေကို တပ်ဆင်၊ တည်ဆောက်၊ ထုတ်လုပ်တဲ့ နေရာမှာ ဒီဇိုင်းပုံထုတ် အတတ်ပညာကလည်း အရေးပါတဲ့ကဏ္ဍတစ်ရပ် အမြဲတစေ ပါဝင်နေအုံးမှာပါပဲ။ ရှေးတုန်းက စာရွက်ပေါ်မှာ လက်နဲ့ရေးဆွဲခဲ့ကြပြီး အခုခေတ်တော့ ကွန်ပြူတာ အကူအညီနဲ့ဆွဲကြလို့ လုပ်ငန်းတွေလဲ ပိုမိုမြန်ဆန်လာပါတယ်။ တိုးတက်ပြောင်းလဲနေတဲ့ ခေတ်ဖြစ်လို့ ဒီနေ့ခေတ်မှာ အော်တိုကဒ်ကို အသုံးပြုနေပေမယ့် နောင်တချိန်မှာ အော်တိုကဒ်ထက် ပိုကောင်းတဲ့ ဆော့ဖ်ဝဲတွေကို အသုံးပြုချင် ပြုကြမှာပါ။ အဲဒီအခါကျရင် ကေပီဇက်ရဲ့ အော်တိုကဒ် မဟုတ်တော့ဘဲ ကေပီဇက်ရဲ့ ပုံဆွဲအနုပညာလို့များ ဖြစ်လာမလားလို့ တွေးကြည့်ရင်း….။

ကမ္ဘာကြီးကတော့ သူ့ဝင်ရိုးပေါ်သူလည်ရင်း နေကို ပတ်နေအုံးမှာပါပဲ။

 

နှဖူးကြောရှုံ့ကာ မျက်လုံးကို အားစိုက်ကြည့်နေရသည်။ တနေကုန်စူးစိုက် ကြည့်ကာ လုပ်နေရသဖြင့် အမြင်အာရုံတို့ ပင်ပန်းကာ မျက်ခွံတို့အောင့်လာသည်။ ကွန်ပျူတာ စကရင်ကို အသာမျက်နှာလွှဲလိုက်သည်။ မျက်စိကို အသာပိတ်ကာခေတ္တ အနားယူ လိုက်သည်။ လက်မနှစ်ဖက်ဖြင့် နားထင်ကြော၊ နဖူးကြော၊ မျက်ခုံးကြောတွေ လျှောက်နှိပ်နေလိုက်သည်။ အသက်ကို ခပ်ပြင်းပြင်းတချက်ရှုလိုက်ရင်း တနေ့တာ အလုပ်များကို ပြန်လည် လက်စသက်နေရသည်။


ဝန်ထမ်းအတော်များများ ပြန်ကုန်ကြပြီဖြစ်သည်။ ဒီအလုပ်ဖြင့် လုပ်နေသည်မှာ အတော်ကြာပြီဖြစ်သည်။ တခါတလေ တော့လည်း ငြီးငွေ့လာသည်။ လက်စသက် ဆွဲပြီးသဖြင့် File ကို save လုပ် သိမ်းဆည်းလိုက်သည်။ ကွန်ပျူတာကို ပိတ်၍ အသာခေါက်ပြီး အိတ်အတွင်းထည့်ကာ ပြန်ရန်ပြင်လိုက်သည်။ ဖယ်ရီ ကားပေါ် ရောက်တော့ လူမှာ သိပ်မလှုပ်ချင်တော့။ ဇာတ်ကြောတွေတင်းနေသည်။ ခေါင်းကို ဘယ်ညာဆက်ကာ အကြောဖြေလျော့လိုက်သည်။ ကွန်ပျူတာ အိတ်ကို ထိုင်ခုံဘေး အသာချကာ ဦးခေါင်းကို ခုံနောက်ကိုမှီကာ မှိန်းနေလိုက်သည်။ မျက်စိမှိတ်ရင်း ပေါ်လာသည်က ဒီအလုပ်ကို ရွေးချယ်ခဲ့သည့်အကြောင်းများ။

“ဟေ့ကောင် ငါတော့ ပုံဆွဲတာ ၀ါသနာပါတယ်ကွာ”

“ဒီတော့ နောင်ဆို ကွန်ပျူတာနှင့် ပုံဆွဲတက်ချင်တယ်ကွာ”

သူငယ်ချင်းဖြစ်သူကို ပြောခဲ့ပြီး site မှာ အလုပ်လုပ်ရင်း တက်ဖြစ်ခဲ့သည်က Auto CAD ဆိုတဲ့ ကွန်ပျူတာနှင့် ပုံဆွဲလို့ ရနိုင်တယ်ဆိုတဲ့ သင်တန်းပေါ့။

ကျောင်းပြီး Site ထဲမှာ အုလုပ်လုပ်နေတာ အတော်ကြာပြီ… ကွန်ပျူတာက အစိမ်းလိုဖြစ်နေသည်။ သင်ပေးတဲ့ ဆရာမလေးက ကို့ထက်အသက်ငယ်တော့ ကိုယ့်ကိုပင် ပြန်ကြောက်သလိုဖြစ်နေသည်။ သူစတင်သင်ပေးခဲ့တဲ့ ဒီ Auto CAD ပညာနှင့် ခုအသက်မွေးနေရတာဆိုတော့ ဆရာမလေးကို ကျေးဇူးတင်မိသည်။

Auto CAD ဆိုတာ အလွန်ထူးခြားတဲ့ Software Program တစ်ခုပါ။ သူ့ကိုစတွေ့ချိန် မှာပဲ။ အနက်ရောက်စက ရင်ပေါ်မှာ ကြက်ခြေခတ် cross hair လေးက ကိုယ့်ကို ပြောင်ပြသလိုပဲ။ နောင်တချိန်မှာ မင်းနှင့်ငါ အရင်းနှီးဆုံးတွေ ဖြစ်ကြရမှာ။ မင်းရဲ့ အလုပ်ခွင်နေ့စဉ်ဘ၀မှာ ငါ့ရဲ့ ကြက်ခြေခတ်သင်္ကေတကလေးနှင့် ပုံတစ်ပုံပြီး တစ်ပုံဆွဲ ရမှာပေါ့ကွလို့ ပြောလိုက်သလိုပါ။

Auto CAD ဆွဲမယ်ဆိုရင် အရင်ဆုံးအရေးကြီးတာက ကိုယ့်ရဲ့Drawing ဖိုင်ကို Setting လို လုပ်မို့ပါ။ ပထမဆုံး Unit ကို အဓိကရွှေးရမယ်။ ကွန်မန်းနေနှင့် UN Enter ရိုက်ပြီး ၀င်ရင် ပေါ်လာတဲ့ Box မှာ Unit တွေ ချိန်ပေးရမှာပေါ့။ အဲဒီတော့ ကိုယ်ဘာယူနစ် သုံးမယ် ဆိုတာ အရင်ကြိုရွေးပေးရတယ်။ အဲဒါ ပုံအသစ်တစ်ပုံစဆွဲရင် အရင်ဆုံး လုပ်ရမယ့် အချက်ပဲ။ အဲဒါတွေပြီးရင်တော့ ကိုယ်ဆွဲချင်တဲ့ ပုံကိုဆွဲနိုင်ပြီလေ။ ဆရာမလေးရဲ့ သင်တန်းအစမှ Intro လုပ်ပေးခဲ့တဲ့ Unit အကြောင်း၊ Limit အကြောင်း၊ Drawing Area အကြောင်း စတာတွေပေါ်လာသည်။ နောက်ပိုင်းမှာ Line, Rectangle, Circle, Arc, Point စတဲ့ ငယ်ငယ်က ဆွဲခဲ့ရတဲ့ ဂျီသြမတြီ ပုံဆွဲနည်းတွေကို Darw Menu အောက်ကဆွဲနည်း၊ Command Line မှာ Keyboard ကနေ Command ပေးပြီး ဆွဲနည်း၊ နောက် Icon လေးတွေကလစ်လုပ်ပြီးဆွဲတဲ့နည်း စတာတွေ တဆင့်ခြင်း သင်ပေးခဲ့တယ်။

Draw Command တွေ စုံတော့ Modify Command တွေ သင်ပေးပြန်တယ်။ အဲဒါတွေက ဆွဲပြီးသား ပုံတွေကို အမျိုးမျိုး ပြန်ပြင်ပြောင်းလဲ ချင်တဲ့ အခါမှာ သုံးရတာပေါ့။ Copy ကူးတာ၊ Move လုပ်တာ၊ နောက်ပိုနေတဲ့ အစလေးတွေ ဖြတ်ထုတ်ချင်တဲ့ အခါတွေ၊ လိုနေတဲ့ Line တွေကို ဆန့်ထုတ်ချင်တဲ့အခါတွေမှာ သုံးရတဲ့ Command တွေအကြောင်းပေါ့။ အဲဒါလေးတွေ အတော်စုံလာတော့ ပုံလေးတွေ စဆွဲတယ်။ အခြေခံပုံလေးတွေပါပဲ။ တံခါးတွေ၊ ပြူတင်းပေါက်တွေပေါ့။ နောက်တော့လည်း အ၀ိုင်းတွေပါလာတဲ့ စက်ပစည်း အစိတ်အပိုင်းပုံတွေ ဆွဲခဲ့ရပြန် တယ်။

ဆွဲရင်းနှင့်ပဲ Rotate လုပ်တာတွေ၊ Array ပွားတာတွေ၊ Mirror လုပ်တာတွေတိုးပြီး သင်လာခဲ့ရတယ်။ အဲဒီလို သင်နေရင်းမှားသွားခဲ့ရင် ပြန်လုပ်ခဲ့တာက U Enter (Undo) Command ပေါ့။ အရမ်းနှစ်သက်တဲ့ Command လေးပေါ့။ ဆွဲပြီးမှားရင်ပဲ ဖြစ်ဖြစ်၊ မှားပြီး ဖျက်မိရင်ပဲဖြစ်စြဖ် Undo Command လေးက အဆင်ကို ပြေလို့။ တခါတလေ Undo တွေများလို့ Redo ပြန်လုပ်ရတာရှိသေး။ အဲဒီတုန်းက Auto CAD version နိမ့်တော့ Redo ကို တစ်ကြိမ်ပဲ ပြန်လုပ်ခွင့်ပေးတယ်။ စိတ်ထဲမှာ နည်းနည်းမတရား ဘူးလားလို့ ခံစားရတယ်။ ဘာပဲဖြစ်ဖြစ် Undo Command လေးကတော့ အနှစ်သက် ဆုံးပဲ။ တခါတလေဘ၀မှာ အဲဒီလို Undo များလုပ်လို့ရရင် ဘယ်လောက်ကောင်း မလဲပေါ့။ Undo လုပ်လိုက်၊ ပြန်ပြင်လိုက်နှင့် အမှားတွေ ခဏခဏများတဲ့ ဘ၀မှာ Undo ခဏခဏ ခေါက်ပြီး အသစ်က ပြန်စချင်တဲ့စိတ်တွေ မကြာမကြာ ပေါ်လာ တတ်တယ်။

ဒီလိုနှင့် နောက်ပိုင်း 3D (သုံးဖက်မြင်) ပုံတွေဆွဲတဲ့ အချိန်ရောက်လာတယ်။ ကုဗတုံးတွေ၊ စက်လုံးတွေ၊ ထုလုံးရှည်တွေ၊ ထုချွန်တွေ၊ လက်ကောက်ကွင်းပုံစံတွေ တစ်ခုပြီးတစ်ခု ဆွဲရပြန်တယ်။ နောက်တော့ အဲဒါတွေကို ပေါင်းတဲ့နည်း၊ ဖြတ်ထုတ်တဲ့ နည်း၊ တူတဲ့အပိုင်းဖြတ်ယူတဲ့နည်းတွေ သင်ရပြီး ကျွန်တော်လည်း အလုပ်က အဆင် မပြေတာနှင့် သင်တန်းကို ဆက်မတက်ဖြစ်တော့ဘူး။ အရေးကြီးဆုံး ဖြစ်တဲ့ Print ထုတ်တာလေးတောင် မသင်ခဲ့ရဘူး။ နောက် site တစ်ခုအပြောင်းလုပ်ရင်း သူငယ်ချင်း တစ်ယောက်ရဲ့ ကောင်းမှုနှင့် Auto CAD ဆွဲတဲ့ အလုပ်တစ်ခုကို ရပါလေရော။ ဒီလိုပဲ မတတ် တတက်ဆွဲရင်း သူငယ်ချင်းဆီက သင်လိုက်၊ အလုပ်အတူလုပ်တဲ့ ဆရာဆီက မသိတာမေးလိုက်၊ စာအုပ်တွေဝယ်ပြီး ဖတ်လိုက်လေ့လာလိုက်တာ အတော်လေး အဆင်ပြေ ကျွမ်းကျင်လာခဲ့တယ်။

သင်တန်းက သင်ခဲ့ရတာ ဘာမှ မဟုတ်ပါလားလို့လည်း သိလာခဲ့တယ်။ အလုပ်မှာ အဆင်ပြေပြေဆွဲနိုင်လာခဲ့တာပေါ့။ ဒါတောင် စိတ်ညစ်စိတ်ပျက်ခဲ့ရတာတွေ အများကြီးပါ။ အားတင်းရင်း လေ့လာရင်းနှင့်သာ အဆင်ပြေခဲ့ရတာပါ။ အခု Auto CAD နှင့် အသက်မွေးနေရပြီ။ ပထမဆုံး သင်ပေးခဲ့တဲ့ ဆရာမလေးကို ကျေးဇူးတင်သလို အတူလက်တွဲခေါ်ခဲ့တဲ့ သူငယ်ချင်းဖြစ်သူ၊ အလုပ်ခွင်က ဆရာသမားအားလုံးရဲ့ ကျေးဇူးတွေပေါ့။ အဲဒါတွေ စဉ်းစားရင်း ဘာလိုလိုနှင့် ကားတောင် အဆောင်နားရောက် လာတယ်။

ကိုယ့်ရဲ့ Auto CAD သမားဘ၀ အကြောင်းစဉ်းစားရင်း ညီမလေး KPZ က သူရဲ့ Blog ၁နှစ်ပြည့် ရေးပေးပါဆိုတာ သတိရလိုက်မိသည်။ Auto CAD မောင်နှမတွေ… သူက ကိုယ့်ထက် အများကြီး တော်တယ်။ စေတနာတွေလည်းများတယ်။ သူရဲ့ စေတနာက သူ့ Blog ကိုဝင်ကြည့်တာနှင့် သိနိုင်တယ်။ လိုအပ်မယ့် အချက်အလက် တွေ၊ သင်ခန်းစာတွေ သူ့ Blog လေးမှာ အတော်များများ စုစောင်းသိုမှီးထားတာပဲ…. သူပြောဖူးတဲ့ စကားလေးလည်း ကြားယောင်မိသေးတယ်။ “အစ်ကိုရေ မြန်မာနိုင်ငံက Auto CAD လေ့လာချင်တဲ့ ညီအစ်ကို မောင်နှမတွေအတွက် အဓိက ရည်ရွယ်တာ ပါတဲ့။” အင်းကောင်းလိုက်တဲ့ စေတနာလေး။ စိတ်ထဲမှာ လေးစားရင်း အကြိမ်ကြိမ် သာဓုခေါ်နေမိပါတယ်။ ကိုယ့်နိုင်ငံက နည်းပညာချို့တဲ့ ငတ်မွတ်နေကြတာ မဟုတ်လား။ အဲဒီတော့ အမှန်တကယ် လေ့လာချင်တဲ့သူတွေအတွက် တဖက်တလမ်းက အများကြီး အထောက်အကူ ဖြစ်စေပါတယ်။

အခုဆိုသူ့ကို တချို့ကဆရာမလေးလို့ခေါ်နေကြပြီ။ တကယ်လည်းဟုတ်နေတာပါ။ ပြောရင် သူ့မှဆရာစိတ်ဓါတ်ရှိတယ်လေ။ မအားမလပ် အလုပ်တွေကြားက သူစုဆောင်းလေ့လာထား တာတွေကို ပြန်ပြီး မျှဝေပေးနေတာဟာ တော်ရုံလူ ဘယ်လွယ်မလဲ။ ဝေးဝေးရှာစရာ မလိုဘူး ကျနော် ဖိုးမောင်ကိုပဲ ကြည့်။ အဲဒါမျိုးမလုပ်နိုင်ဘူးဗျ။

အဲဒါက သူ့ဘ၀၊ သူ့စေတနာ၊ သူ့ ရည်ရွယ်ချက်တွေရဲ့ အသီး အပွင့်တွေပဲ အဟုတ်လား။ ခုဆို ညီမလေး လျှောက်လှမ်းခဲ့တဲ့လမ်းလေး… အဲ…တည်ဆောက်လာခဲ့တဲ့ နည်းပညာအိမ်လေး (၁) နှစ်ပြည့် ခဲ့ ပြီတဲ့။

အသီးအပွင့်တွေ ဝေဆာနေတဲ့ ဒီအိမ်ကလေး ဟာ ခုဆို AutoCAD လေ့လာချင်သူတွေအတွက် ဥယျာဉ်လေးသဖွယ်၊ ပြတိုက်လေးအလား၊ စာသင်ခန်းလေးပမာ တွေ့နိုင်ပြီပေါ့။

အစ်ကိုတစ်ယောက်လိုသဘောထားပြီး တခါတလေ သူ့ကိုဆရာ သွားလုပ်မိတတ်သေးတယ်။ အဲဒါဆိုသူကလည်း အစ်ကိုလုပ်ပေးပြီးတာပဲ ဆိုပြီး ကိုယ့်ဆီပြန်လာပတ်တော့ အသာလေးခေါင်းပုနေရတော့တယ်။ လူဆိုတာကလည်း ခက်သား။ ကိုယ်မလုပ်တတ် မလုပ်ချင်သာနေမယ် လုပ်ပြီးသားသူကိုတော့“ ဟိုလိုလုပ်ပလား၊ ဒီလိုလုပ်ပလား၊” လို့ ဆရာတော့ ၀င်လုပ်ချင် တတ်ကြတယ်မဟုတ်လား။ နောက်တော့လည်းကိုယ့်ဘက် မျှားဦးလှည့်မှာကြောက်လို့ ခပ်ကုပ်ကုပ်ပဲ နေရတော့တယ်။ ဒါတောင် ခုအမှတ်တရလေးရေးပေးပါ ခိုင်းတော့ တတ်သလောက်ကလေးစဉ်းစားရင်း ဟိုရောက်ဒီရောက် ကလေး ရေးလိုက်ပါတယ်ဗျာ။

“ညီမလေးလည်း သူများတွေကို ပညာဒါနပြုရင်း ကိုယ်တိုင်လည်း အသိပညာတွေ ပိုမိုမြင့်မားတိုးတတ်ပါစေဗျာ။”
ဖိုးမောင်(Happycloud)
 

 

" ကလင် ကလင် ကလင် ကလင်......."

အိပ်ယာဘေးမှ နှိုးစက်၏ အော်မြည်သံကြောင့် နှစ်ခြိုက်စွာ အိပ်မောကျနေသော ကျွန်ုပ်လန့်နိုးလာခဲ့လေ၏ ။ အိပ်မှုန်စုံဝါး မျက်လုံးအစုံကို ကြိုးစားအားယူ၍ ဖွင့်ရင်း နာရီနှိုးစက်ကို လှမ်းပိတ်လိုက်သည်။ေ၀၀ါးတဲ့ အသိအာရုံနှင့် လိုက်ဖက်စွာပင် သြကာသလောက ကလည်း နှင်းမှုန်များကြားထဲေ၀၀ါးနေဆဲ။

ကျွန်ုပ်သည်လည်း အိပ်ယာမှထ၍ မျက်နှာသစ်၊သွားတိုက်အမှုကို ပြုကာ ကျွန်ုပ်လွန်စွာမှ နှစ်သက်လှစွာသော ပရီးမီးယားဟု ခေါ်တွင်သည့်အသင့်ဖျော်စပ်

သောက်သုံးနိုင်သော ကော်ဖီတစ်ထုပ်ကို ဖောက်၍ ကော်ဖီတစ်ခွက်ကို ဖျော်ကာ ကွန်ပျူတာရှေ့တွင် ထိုင်၍ညကဆွဲ၍ မပြီးသေးသော ပုံအားလက်စသတ်ရန်ကွန်ပျူတာကို ဖွင့်လိုက်သည်။ ထို့နောက်တစ်ပိုင်းတစ်စဖြစ်နေသော ပုံအားလက်စသတ် အပြီးဆွဲလိုက်လေသည်။ ပုံအားလုံး အချောသတ်ပြီးစီး သွားချိန်တွင် စောစောက သောက်ခဲ့သော ကော်ဖီကြောင့် ခံတွင်းချဉ်လာသည်ဖြစ်သဖြင့် ကျွန်ုပ်လွန်စွာမှ ကြိုက်နှစ်သက်လှ၍ သွားလေရာနေရာတိုင်းလိုလို၌ ပါတတ်သော လန်ဒန်ဟုခေါ်တွင်သည့် စီးကရက်ဗူးအတွင်းမှ စီးကရက်တစ်လိပ်ကို ထုတ်ကာမီးညှိဖွာရှိုက်လိုက်လေ၏ ။ထိုသို့ရှိုက်ဖွာပြီးနောက် မီးခိုးငွေ့များအား ဖြည်းညှင်းစွာ မှုတ်ထုတ်လိုက်ရင်းမှ အကြည့်က စားပွဲပေါ်တွင် ထောင်ထားသော ပြက္ခဒိန်ဆီသို့ မျက်လုံးရောက်သွားမိသည်။

" နိုဝင်ဘာလ ၁၅ရက် ၂၀၀၈ ခုနှစ် "

ပြက္ခဒိန်မှ ညွန်ပြရောက်ရှိနေသော ရက်စွဲကို ကြည့်ကာ ကျွန်ုပ်၏ ဦးနှောက်ထဲသို့ အသိတစ်ခု လက်ကနဲ ၀င်ရောက်လာခဲ့သည်။

" ဒီနေ့ ညီမ ကေပီဇက်၏ အော်တိုကတ် ဘလော့ခ်တစ်နှစ်ပြည့်တဲ့ နေ့ပါလား"

ဟုတ်ပါသည်။ ညီမကေပီဇက်၏ အော်တိုကတ် ဘလော့ခ်ကို စတင်ရေးသားခဲ့သည်မှာ ယနေ့ဆိုလျှင် တစ်နှစ်တင်းတင်းပင်ပြည့်ခဲ့ချေပြီ။ ထိုတစ်နှစ်တာကာလ

အတွင်း သူမ၏ကြိုးပမ်းမှုမှာ ဂုဏ်ယူအားကျစရာပင်ဖြစ်လေသည်။ ကျွန်ုပ်ဘလော့ခ်လောကသို့ စတင်ဝင်ရောက်စဉ်ကပင် ညီမကေပီဇက်၏ အော်တိုကတ်ဘလော့ခ်ကို သိရှိခဲ့လေသည်။ ကိုယ်တိုင်ကပင် အော်တိုကတ်နှင့် အလုပ်လုပ်ကိုင်နေသူ ဖြစ်သည်ကတစ်ကြောင်း ၊ အင်ဂျင်နီယာတစ်ဦး ဖြစ်သည့်အလျောက် အင်ဂျင်နီယာဘာသာရပ်နှင့် ပတ်သက်ဆက်နွယ်သော ဘာသာရပ်များအား စိတ်ဝင်စားသည်ကတစ်ကြောင်း ၊ နည်းပညာဖြန့်ဝေနေသော ထူးခြားသည့် ဘလော့ခ်လေးဖြစ်သည်ကတစ်ကြောင်း ညီမကေပီဇက်၏ အော်တိုကတ်ဘလော့ခ်လေးသို့ နေ့တိုင်းနီးပါး လိုပင် ၀င်ရောက်လေ့လာခဲ့မိသည်။

ညီမကေပီဇက်မှလည်း ၀မ်းမြောက်စွာပင် ကျွန်ုပ်တတ်သိသလောက် မျှဝေပေးရန် ၊ Contributor အဖြစ်ဝင်ရောက်ရေးသားရန်တိုက်တွန်းခဲ့လေသည်။ ထို့အတွက်ကြောင့်ပင် ကျွန်ုပ်အနေနှင့် မိမိတတ်သိသလောက်ကို ပိုစ့်လေးများအနေနှင့် တစ်ပုဒ်စ နှစ်ပုဒ်စ ရေးသားခဲ့ဘူးလေသည်။ သို့သော် ကျွန်ုပ်မှာ ညီမကေပီဇက် လောက်ဇွဲမရှိသည်ကတစ်ကြောင်း ၊ ကိုယ်တိုင်၌လည်း ဘလော့ခ်တစ်ခု ရေးသားနေသည်က တစ်ကြောင်း ၊ အလုပ်များမအားမလပ်ရှိသည်က တစ်ကြောင်း နောက်ပိုင်းတွင် မရေးသားဖြစ်တော့ပေ။

ယနေ့တွင်မူ မှတ်မှတ်ရရပင် ညီမကေပီဇက်၏ အော်တိုကတ် ဘလော့ခ်တစ်နှစ်ပြည့်တွင် ညီမ၏ကြိုးစားမှုကို အသိအမှတ်ပြု ကျေးဇူးတင်သည့် အနေဖြင့် အမှတ်တရ ပိုစ့်တစ်ပုဒ် ရေးပေးချင်သောစိတ် ဖြစ်လာမိလေသည်။ သို့သော် စိတ်ကူးသာရှိသော်လည်း တကယ်တမ်းရေးမည်ဟု ကြံစည်သောအခါတွင်မူ မည်သည့်နေရာမှ စတင်၍ မည်သို့ရေးသားရမည်ကို မစဉ်းစားတတ်အောင် ရှိလေတော့သည်။ ကျွန်ုပ်အနေဖြင့် စာရေးခြင်းအတတ်ပညာကို ကျွမ်းကျင်စွာ မတတ်မြောက်ခြင်း ၊ ညီမကေပီဇက်လောက် အော်တိုကတ်အကြောင်းအရာကို နှံ့စပ်စွာ မသိခြင်းတို့ကြောင့် ကျွန်ုပ်ရေးသားသော ပိုစ့်မှာ ညီမအတွက် အမှတ်တရမဖြစ်စေဘဲ အနှောင့်အယှက်ဖြစ်မည်ကိုလည်း များစွာ စိုးရိမ်မိလေသည်။ ထို့အတွက်ကြောင့်ပင် ညီမကေပီဇက်၏ ဘလော့ခ်အား ဖွင့်ကာ ညီမရေးသားထားသည်များကို တစ်ဖန်ပြန်၍ လေ့လာမိလေသည်။

ကြိမ်ဖန်များစွာ ဖတ်ရှုထားသဖြင့် အလွတ်ပင်မှတ်မိနိုင်လောက်သော ညီမ၏ဘလော့ခ်ကို ထပ်မံလေ့လာကြည့်မိရာ၌ ညီမ၏တင်ပြပုံများကို ဦးစွာ လေးစားမိလေ၏ ။ အော်တိုကတ်အား အခြေခံ Commond များမှ အစ Updating Software များ အဆုံး ပုံစံလေ့ကျင့်ခန်းများနှင့် တကွ ရှင်းလင်း တင်ပြထားပုံမှာ အော်တိုကတ်လေ့လာသူများအဘို့ များစွာအဆင်ပြေစေသကဲ့သို့ ညီမ၏ စိတ်ရှည် အပင်ပန်းခံကာ ပညာမျှဝေမှုကို ချီးကျူးလေးစားမိလေသည်။ ထို့အပြင် အသုံးတည့်မည် ဟုထင်ရသော အော်တိုကတ်အပြင် အခြားSoftware များ ၊ အော်တိုကတ်နှင့် ပတ်သက်သော စာအုပ်များအား အလွယ်တကူ ရယူဖတ်ရှုနိုင်ရန် ပြုလုပ်ပေးထားခြင်းသည်လည်း လွန်စွာမှပင် တန်ဘိုးရှိလှပေသည်။ အခြားသော ဗဟုသုတဖြစ်ဖွယ် Link များ အပြင် အော်တိုကတ်ဘလော့ခ်ကဲ့သို့ပင် အခြားသော နည်းပညာ ဖြန့်ဝေသည့် ဘလော့ခ်များအားလည်း ဖော်ပြထားသည် ဖြစ်ရာ ညီမကေပီဇက်၏ ပညာအပေါ် တစ်ဦး တစ်ယောက်ထဲ သိမ်းဆည်းခြင်းမျိုး မဟုတ်ဘဲ ကိုယ်သိသလောက် အားလူအများသိစေရန် ပြန်လည်မျှဝေပေးသည့် စိတ်ဓါတ်ကို လွန်စွာမှပင် နှစ်ထောင်းအားရ ဖြစ်မိလေတော့သည်။ ဤသို့ဖြင့် ညီမကေပီဇက်တည်ဆောက်ခဲ့သော ဤအော်တိုကတ်ဘလော့ခ်လေးမှာ ယနေ့ဆိုလျှင် တစ်နှစ်တင်းတင်းပင် ပြည့်မြောက်ခဲ့လေပြီ။

အော်တိုကတ်ပညာနှင့် ပတ်သက်၍ ပညာရှာမှီးသူတို့အတွက် ရေကြည်တစ်ခွက်နှင့်တူသော အခြားသော ဗဟုသုတလေ့လာလိုက်စားသူများအတွက် ထမင်းတစ်နပ်နှင့် တူသော ဤညီမကေပီဇက်၏ ဘလော့ခ်လေးမှာ တစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာအထိ အဓွန့်ရှည်တည်တံ့၍ ပညာရပ်များ ဆက်လက်ဖြန့်ဖြူးနိုင်ကာ ညီမကေပီဇက်ကိုယ်တိုင်လည်း ဒီ့ထက်မကသော ပညာရပ်များ ဆက်လက်ဆည်းပူးတတ်မြောက်နိုင်ပါစေဟု စိတ်အတွင်းမှ လှိုက်လှဲစွာ ဆုတောင်းပေးနေမိလေသည်။ ဤသို့ တွေးတောနေရင်းမှ လက်ကိုင်ဖုန်းမှ အလုပ်သွားချိန်အတွက် ပြင်ဆင်ရန်ပေးထားသော Alarm မည်လာသဖြင့် အတွေးစကိုဖြတ်ကာ ကွန်ပျူတာကို ပိတ်၍ အလုပ်သွားရန် ပြင်ဆင်ရလေတော့သည်။ ထိုသို့ပြင်ဆင်ရင်းမှ ဤသို့တွေးတောမိခြင်းအား ညီမကေပီဇက်ထံ ဖုန်းဆက်၍ ပြောပြမည်ဟု စိတ်ကူးမိလိုက်လေတော့သည်။
ဆန္ဒမွန်ဖြင့်

စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်