Showing posts with label ဆွေးနွေးမှု. Show all posts
Showing posts with label ဆွေးနွေးမှု. Show all posts

တံဆိပ်ကပ်ခြင်း

4 comments - Post a comment

Draftman တစ်ယောက်ရဲ့ တာဝန်ဆိုတဲ့ ပို့ကိုရေးအပြီးမှာ လူတော်တော် များများရဲ့ မှတ်ချက်တွေကို ကျွန်မရလိုက်ပါတယ်။ ခုလို တလေးတစား လာရောက် ဆွေးနွေး မှတ်ချက်ပေးတဲ့ လူတွေအားလုံးကို ကျေးဇူး အရမ်းတင်ပါတယ်။ အဲဒီ့ကနေ ကျမစိတ်ထဲ ပေါ်လာတဲ့ အတွေးတွေကို ဆက်လက်ရေးပါရစေ။ ဒီပို့ကို ကျမရေးတာ ရည်ရွယ်ချက်တစ်ခု ရှိပါတယ်။ အခုနှစ်ပိုင်း စင်္ကာပူနဲ့ ဒူဘိုင်းနိုင်ငံက လုပ်ငန်းခွင်တွေမှာ မြန်မာ Draftmanတွေ ဟိုးအရင်ကထက်စာရင် တော်တော်များလာပါတယ်။ ကျမရေးခဲ့ဘူးသလိုပါပဲ လုပ်ငန်းခွင် အခြေအနေ၊ အမျိုးအစားပေါ် မူတည်ပြီး လုပ်ကိုင်ရတဲ့ တာဝန်တွေက ကွဲပြားနေပါတယ်။ လွယ်တယ် ခက်တယ် ဆိုတာကို ပုံသေကားချပ်ချပြီး ပြောလို့ မရပါဘူး။ လွယ်တာ လုပ်ရတဲ့လူက လွယ်တယ်ပြောမယ်။ လွယ်လွယ်ကူကူ မလုပ်ရတဲ့သူက ခက်ခဲတယ်ပြောမယ်။ ဒါသဘာဝပါပဲ။ နေရာခြင်းတူပေမယ့် တာဝန်ခြင်းမတူမှုတွေကြောင့် အငြင်းပွားမှုတွေ ဖြစ်လာရတာပါပဲ။ ကျမဒီနေရာမှာ အဓိက ပြောချင်တာက တံဆိပ်ကပ်ခြင်း အကြောင်းပါ။ လူတော်တော်များများက Made In China ဆိုတဲ့ တံဆိပ်ကပ်ထားတဲ့ ပစ္စည်းတွေကို မကောင်းဘူးလို့ မြင်နေကြတယ်။ ဒါပေမယ့် တစ်ချို့ ကောင်းမွန်တဲ့ ပစ္စည်းတွေ ရှိနေတတ်ပါတယ်။ ကောင်းတဲ့ ပစ္စည်းတွေလည်း တစ်ခါတစ်ရံကျတော့ Made In China ဆိုတဲ့ တံဆိပ် ကပ်ထားခြင်းကြောင့် မကောင်းဘူး အပြောခံလိုက်ရတာပါပဲ။ ဒါကြောင့်ထင်ပါတယ်. အိုင်ဖုန်းနောက်မှာ Designed by Apple in California Assembled in China လို့ ရေးထားပါတယ်။ :P ဒီလို သဘောပါပဲ.. Draftman ဆိုတဲ့ ခေါင်းစဉ် အောက်မှာ လုပ်ငန်းတာဝန်တွေ ကွဲပြားနေသလို လစာ အခွင့်အရေးတွေ ခြားနားနေမှာပါပဲ။ Draftman တစ်ယောက်ရဲ့ တာဝန်ဆိုတဲ့ ပို့ကို ရေးခဲ့တာဟာ Draftman တွေ အကြောင်းကို သေချာမသိတဲ့ လူတွေ နားလည် သဘောပေါက်အောင်၊ လက်ရှိလုပ်ကိုင်နေတဲ့ လူတွေထဲက Draftmanအလုပ်ကို သိမ်ငယ်စရာ တစ်ခုလို မြင်နေတဲ့ သူတွေအတွက် ရည်ရွယ်ပြီး ရေးခဲ့တာပါ။ အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဆိုသလိုပဲ ဒီအလုပ်ဟာ သိမ်ငယ်စရာကောင်းတဲ့ အလုပ်တစ်ခု မဟုတ်တာကို သိစေချင်ယုံ သက်သက်ပါ။ ဒါပေမယ့် ရောက်ရှိနေတဲ့ နေရာမှာ ရောင့်ရဲ တင်းတိမ်နေရမယ်လို့ ကျမမပြောခဲ့ပါဘူး။ ဒီနေ့ခေတ် ကမ္ဘာပေါ်မှာ နည်းပညာရပ်တွေ အားလုံးဟာ လိုက်လေ ဝေးလေလို့ ပြောရမလောက် တစ်နေ့တစ်ခြား အံ့မခန်း တိုးတက်နေပါတယ်။ ရှိသမျှပညာရပ်တွေ အားလုံးကို တတ်မြောက်ဖို့ ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ငှက်တွေက ပျံရင်းသေကြတယ်.. လူတွေက ကြံရင်းသေကြတယ်တဲ့။ ကိုယ်တတ်နိုင်တာလေးတွေ လက်လှမ်းမှီရာလေးတွေကို အစဉ်မပြတ် လေ့လာနေသင့်တာပေါ့နော်။ အဲဒီ့အခါ ကိုယ့်ရဲ့ Ability နှင့် ညီမျှတဲ့ လစာ အခွင့်အလမ်းတွေကလည်း သူ့အလိုလို ရောက်ရှိလာမှာပါ။ ဒီအခါ ရွေးချယ်မှု လမ်းကြောင်းတွေက ကိုယ့်အပေါ်မှာပဲ တည်မှီနေတယ်လို့ ကျွန်မထင်မြင်မိပါတယ်။ 
နောက်တစ်ခု တံဆိပ်ကပ်ခြင်းကတော့ AGTI, BE, ME နဲ့ RIT, YIT, YTU, GTC, GTI ဆိုတဲ့ကိစ္စတွေပါပဲ။ ဒါတွေ အကုန်လုံးကို အဆုံးအဖြတ်ပေးတာက တက္ကသိုလ် ၀င်ခွင့် စာမေးပွဲလို့ ခေါ်ကြတဲ့ ဆယ်တန်း အောင်ရမှတ်ပါ။ လူတစ်ယောက်ရဲ့ အရည်အချင်းကို ဒီအမှတ် စာရင်းလေးတစ်ခုနဲ့ ဆုံးဖြတ်မယ်ဆိုရင် မတရားဘူး ထင်တယ်နော်။ တစ်ခါတစ်လေ အရည်အချင်း ရှိတဲ့သူတွေလည်း ငွေကြေး အခက်အခဲကြောင့် တက္ကသိုလ် မတက်ခဲ့ရတာတွေ ရှိတာပဲလေ။ ကျမကတော့ အင်္ဂျင်နီယာဆိုတဲ့ ဘ၀ကို ငယ်စဉ်တည်းက အရူးအမူး လိုချင်ခဲ့တယ်။ ဆယ်တန်းအောင်တော့လည်း အမှတ်စာရင်းလေးကိုင်ပြီး ၀ိုင်အိုင်တီ တက်ခွင့်ရပြီ ဆိုပြီး ပျော်ခဲ့တယ်။ တကယ်လည်း တက္ကသိုလ် တက်ရမယ်လည်း ဆိုတော့ ကျမရဲ့ အပျော်တွေ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ပါလေရော။ ဘာလို့လဲ ဆိုတော့ အဲဒီ့နှစ်ကစပြီး ၀ိုင်တီယူ ဆိုတာကြီး ဖျက်သိမ်းလိုက်တာကြောင့် ကျမလည်း ဂျီတီစီနဲ့ပဲ ဘီအီးဖြစ်ခဲ့ ရပါတယ်။ ဒါပေမယ့် အကြောင်း တိုက်ဆိုင်လို့များ အမေးခံရလို့ ဂျီတီစီက ဘီအီးဆိုရင် အထင်မကြီးတတ်ကြပါဘူး။ ကျမတို့ကို ဘီအီးဘွဲ့ရအောင် သင်ကြားပေးခဲ့တဲ့ တစ်ချို့သော ဆရာတွေဟာ ဂျီတီအိုင် ကျောင်းဆင်းတွေပါ။ ဒါတွေကို သုံးသပ်ကြည့်ရင် ကပ်ထားတဲ့ တံဆိပ်တွေက အရေးမကြီးပါဘူး။ အရည်အသွေး အရည်အချင်းတွေသာ အဓိက ကျမယ်လို့ ကျမထင်မြင်မိပါတယ်။ အောင်မြင်ခြင်း ဆိုသည်မှာ ပေးဆပ်ခြင်းပေါ် တည်မှီ၏ လို့ကျမ ခံယူပါတယ်။ ဒါကြောင့်လူတိုင်း လူတိုင်း မိမိရရှိထားတဲ့ အခွင့်အလမ်းတွေ အပေါ်မှာ ကြိုးပမ်းအားထုတ်မှု၊ ပေးဆပ်မှုတွေ ရှိနေမှာပါ။ ဘယ်အရာမှ အလကား ရလာမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျမတို့အားလုံး တံဆိပ်ကပ်ခြင်းတွေကို မေ့ဖျောက်ထားပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် နားလည်မှု၊ လေးစားမှု၊ ယိုင်းပင်းကူညီမှု တွေနဲ့သာ ဆောင်ရွက်ကြမယ် ဆိုရင် အရာရာ အားလုံးဟာ ဒီထက်ပိုပြီး သာယာလာမယ်လို့ ထင်မြင်မိပါတော့တယ်။ ( မည်သူ့ကိုမှ စော်ကားလိုခြင်း မရှိပဲ စိတ်ထဲက ခံစားမှုများကို ပုံဖေါ်ရေးသာခြင်း ဖြစ်ကြောင်း ရိုးသားစွာ ၀န်ခံပါတယ်။ နားလည်မှုတွေ လွဲမှားမယ် ဆိုရင်တော့ ကျမ၏ မြန်မာစာ အသုံးအနှုန်း ညံ့ဖျင်းမှုကြောင့်သာ ဖြစ်ပါကြောင်း…….. )

 

Designer

4 comments - Post a comment

Designer Wanted (3D Designer / Visualiser )
-Diploma holder and above
-Fresh graduates may apply
-A strong portfolio and fluency in English is expected
-2 years experience in commercial retail enviroment
-3D Max
-Photoshop
-Manual Perspective Sketches
Send your resumes to recruitment@starmedia.bz and we will be in touch with your shortly for an interview.
ဒီကြော်ငြာကတော့ ဒီနေ့ သီတင်းစာထဲမှာပါတဲ့ ကြော်ငြာလေးပါ။ စိတ်ဝင်စားတယ် ဆိုရင်တော့ ကိုယ်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ပို့လိုက်ပေါ့နော်။ ကျွန်မအဓိက ပြောချင်တာက အခုနောက်ပိုင်း အလုပ်တွေမှာ AutoCAD တစ်ခုထဲတတ်ရုံနဲ့ လစာကောင်းကောင်းရဖို့ မလွယ်တော့ဘူးလို့ ထင်ပါတယ်။ AutoCAD အပြင် 3D StudioMax , Photoshop, Microstation အစရှိတဲ့ ဆော့ဝဲလ်တွေကိုလည်း လေ့လာထားဖို့ လိုနေပီ ဆိုတာကိုပါပဲ။ နည်းပညာတွေကတော့ တစ်နေ့တစ်ခြား လိုက်မမီအောင် တိုးတက်နေတာပါပဲ။ ကျွန်မတို့ မြန်မာလူမျိုးတွေ တိုင်းတစ်ပါးမှာ မျက်နှာပန်းပွင့်ဖို့၊ ကိုယ့်တိုင်းပြည်မှာလည်း လိုအပ်တဲ့အချိန်မှာ အသုံးချနိုင်ဖို့ ကိုယ်တတ်နိုင်သလောက် ကြိုးစားကြတာပေါ့နော်။ ကျွန်မရဲ့ ဒီဘလော့မှာလည်း နောက်ပိုင်းကြရင် AutoCAD အပြင်တစ်ခြားသော ဆော့ဝဲလ်တွေကို ဆက်လက်ဆွေးနွေးကြတာပေါ့။

 

Discussion

3 comments - Post a comment

အစ်မရဲ့ autocad blog လေးကို စိတ်ဝင်စားလို့ ၀င်ကြည့်ဖြစ်ပါတယ်။ အခုမှ တွေ့လို့ပါ။ ပညာတွေမျှဝေပေးတတ်တဲ့ အစ်မရဲ့ စေတနာကို လေးစားမိပါတယ်။ ကျွန်တော်လည်း ၀င်ပြီးအကြံပေးချင်လို့ပါ။ blog ထဲမှာ ပုံကို ဘယ်လိုဖော်ပြရမှန်းမသိလို့ mail နဲ့ပဲ ဆက်သွယ်လိုက်တာပါ။ အစ်မရဲ့ Hatch Command နဲ့ပတ်သက်တဲ့ ဆွေးနွေးချက်ကို အကြံပေးချင်လို့ပါ။
(မိမိဆွဲနေသော Drawing တစ်ခုတွင် အရာဝထ္တုတစ်ခုခုကို သိသာထင်ရှားအောင် ဖြစ်စေ၊ အထူးပြုဖော်ပြလိုလျှင်ဖြစ်စေ၊ ထိုအရာဝထ္တုကို မိမိနှစ်သက်ရာ အဆင်အကွက်လေးများဖြင့် တန်ဆာဆင်ဖော်ပြလိုလျှင်ဖြစ်စေ Hatch Command ကို အသုံးပြုတတ်ကြပါသည်။) အစ်မရေးခဲ့တဲ့ စာသားလေးပါ။
Hatch Command ဟာ တန်ဆာဆင်ဖို့၊ သိသာထင်ရှားအောင်လုပ်ဖို့၊ အထူးပြုဖော်ပြချင်လို့ မဟုတ်ပါဘူး။ section ဖြတ်တဲ့ area ကိုဖော်ပြချင်လို့ပါ။ အသုံးပြုတဲ့ material ကွဲပြားမှုကို ပြချင်လို့ပါ။ အင်ဂျင်နီယာတစ်ယောက်ကို drawing ပုံပြလိုက်တာနဲ့ အဲဒီ section ဖြတ်ပြထားတာကို ကြည့်ပြီး material အမျိုးအစား ဘယ်လောက်သုံးထားတယ်ဆိုတာကို သိပါတယ်။ Hatch Command ဟာ တန်ဆာဆင်တာ မဟုတ်ပါဘူး။ ကျွန်တော် jpg file လေးကို attach တွဲပေးလိုက်ပါတယ်။ ဥပမာ အနေနဲ့ပါ။ file ထဲမှာ ပုံနှစ်ပုံ ယှဉ်တွဲဖော်ပြထားပါတယ်။ ဘယ်ဘက်ကပုံက အားလုံးကို ပုံစံတစ်မျိုးတည်း ချယ်သထားပါတယ်။ ဆိုလိုတာက material (၁)မျိုးတည်းကိုပဲ သုံးတယ်လို့ ဆိုလိုပါတယ်။ ညာဘက်ကပုံမှာ အပေါ်ဘက်ပိုင်းကို ပုံစံကွဲနဲ့ ချယ်သထားပါတယ်။ ဆိုလိုတာက အပေါ်နဲ့အောက် material မတူဘူး၊ material နှစ်မျိုးသုံးထားတယ်လို့ဆိုလို

ပါတယ်။ အဲဒီလိုပဲ ချယ်မှုန်းတဲ့ပုံစံပေါ်မူတည်ပြီး ကြည့်ရပါတယ်။
အစ်မရဲ့ စေတနာကို စော်ကားတာမဟုတ်ပါဘူး ဆိုတာ ကြိုပြီးပြောပါရစေ။ ဒီလို ပညာမျှဝေပေးတဲ့ အစ်မကိုလည်း လေးစားမိပါတယ်။
ခင်မင်စွာဖြင့်....

ဒီစာလေးက ကျွန်မမေးထဲကို ရောက်လာတဲ့ စာပါ။ စာပို့သူ ဆိုလိုချင်တာကို ကျွန်မသဘောပေါက်ပါတယ်။ ဟုတ်ပါတယ်။ ကျွန်မအပြည့်အ၀ထောက်ခံပါတယ်။ဥပမာ- Civil Drawing တွေမှာဆိုရင် RC-Column ဆိုတာကို မြင်ရုံနဲ့ သိသာအောင် ပြုလုပ်ပေးရပါတယ်။ ဒါဟာ တန်ဆာဆင်ခြင်းတစ်မျိုးလို့ ကျွန်မယူဆလို့ပါ။ မှန်ကန်စွာ တန်ဆာဆင်ဖို့ပဲလိုတာပါ။ အကိုပြောသလို Engineer ကို Section ပုံပြတဲ့နေရာမှာ ဘယ်ပစ္စည်းအမျိုးအစားကို အသုံးပြုထားတယ် ဆိုတာကို ပြချင်တယ်ဆိုတာကလည်း ကိုယ်ဖော်ပြလိုတဲ့ အစိတ်အပိုင်းကို ဘာအမျိုးအစားကို အသုံးပြုထားတယ် ဆိုတာကို အထူးပြုဖော်ပြခြင်းလို့ ကျွန်မထင်မြင်မိလို့ပါ။ ဒါကြောင့် ကျွန်မဒီလို သုံးနှုန်းလိုက်တာပါ။ ကျွန်မရဲ့ မြန်မာစာ အသုံးအနှုန်း ညံ့ဖြင်းမှုကြောင့် ဆိုလိုချင်တာကို ပေါ်လွင်အောင် မရေးမိတာကို တောင်းပန်ပါတယ်။ အခုလို တစ်လေးတစ်စား လာရောက်ဆွေးနွေးတာကိုလည်း ကျွန်မကအထူးကျေးဇူးတင်ပါတယ်။ နောက်လည်းလာရောက် ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။

 

Autocad ကိုကျွမ်းကျင်ဘို့ သင်တန်းတက်တာ လေ့ကျင့်တာတို့ လုပ်ရင်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒါဟာAutocad Software ကိုကျွမ်းကျင်စွာ သုံးတတ်သွားတာ ဘဲဖြစ်တယ်။ Engineer Line ထဲဝင်ပြီးအလုပ်လုပ်တော့မယ်ဆိုရင်တော့ အင်ဂျင်နီယာ အမြင်ရှိဘို့တော့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Designer ကကိုယ့် ကိုပုံကြမ်းသာပေးမှာပါ။ Section ဖြတ်တာတို့ Elevation ဆွဲတာတို့ဆိုတာက ကိုယ့်အမြင်နဲ့ပေါင်းစပ်ပြီးဆွဲရတာပါ။ အဲဒီတော့ အင်ဂျင်နီယာ အမြင်သာမရှိခဲ့ရင် တော်တော်အခက်အခဲတွေ့မှာပါ။လုပ်လို့မရဘူးလို့တော့ မဆိုလိုပါဘူး။ ဒါပေမယ့် တော်တော်ကြိုးစားယူရ ပါလိမ့်မယ်။ အကယ်လို့ အင်ဂျင်နီယာ မဟုတ်ပေမယ့် ဒီလိုင်းထဲမှာ လုပ်ခဲ့ဘူးတဲ့ လုပ်ငန်းအတွေ့အကြုံ ရှိတယ်ဆိုရင်တော့ ဖြစ်နှိင်ပါတယ်။ နည်းနည်းတော့ ကြိုးစားရမှာပေါ့။ လက်တွေ့ လုပ်ငန်းခွင်မှာ အသုံးချဘို့ ဆွဲသားရတဲ့ ပုံတွေကတော့ 2D သာအသုံးပြုတာများပါတယ်။ ဘာကြောင့်လဲဆိုတော့ 2D Drawing ကအတိုင်းအတာ အပြည့်အစုံနဲ့ လိုချင်တဲ့ အနေအထားမျိုးကို ဆွဲသားပေးနှိင်လို့ ပါဘဲ။ အားလုံးကို င်္ခြုငုံ ပြောရမယ်ဆိုရင်တော့ Autocad နဲ့Engineer လောကကို ၀င်မယ်ဆိုရင်တော့ အင်ဂျင်နီယာကျောင်းဆင်း မဟုတ်ရင်တောင်မှ အင်ဂျင်နီယာ အမြင်နဲ့ မစိမ်းဘို့ လိုအပ်ပါတယ်။

 

အင်ဂျင်နီယာကျောင်းဆင်း မဟုတ်တဲ့သူ တစ်ယောက်က AutoCAD ကိုအသုံးပြုဆွဲရတဲ့ အလုပ်မှာ အဆင်ပြေပါ့မလား ဆိုတဲ့ မေးခွန်းကို ကျွန်မအနေနဲ့ ဖြေရရင် -- အဆင်ပြေဖို့ရာ မလွယ်ကူဘူး--လို့ထင်ပါတယ်။ ဒါကျွန်မ တစ်ဦးတည်းရဲ့ အမြင်ပါ။ ကျွန်မအမြင်လွဲမှားနေတယ် ဆိုရင်လည်း Comment ရေးပေးကြပါလို့၊ ကျွန်မအလုပ်လုပ်တဲ့ သက်တမ်း တိုတိုလေးအတွင်းမှာ ကျွန်မသူဌေးရဲ့ ကောင်းမှုကြောင့် အတွေ့အကြုံတွေ အများကြီးရပါတယ်။ Site Office တွေကို သွားရင် နိုင်ငံခြားသား Draftman တွေနဲ့သိခွင့် ရခဲ့ပါတယ်။ Singapore မှာ Drafter အများစုက မြန်မာတွေပါပဲ။ တစ်ချို့ကတော့ Singaporean တွေပါ။ အဲ့ဒီ Singaporean Drafter တွေက Engineer တွေ မဟုတ်သလို၊ Eng: ကျောင်းဆင်းတွေလည်း မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ ပုံတစ်ပုံကို ကောင်းကောင်းဆွဲနိုင်တယ်။ သူတို့ဘာလို့ဆွဲနိုင်တာလဲ လို့ ကျွန်မလေ့လာကြည့် ဖြစ်ပါတယ်။

သူတို့မှာ သူတို့ရဲ့ format လေးတွေ ရှိပါတယ်။ ဒီလိုမျိုး ဒီပုံမှာ ဆွဲထားရင် နောက်တစ်ပုံမှာလည်း ဒီလိုပါပဲ။ တစ်ပုံနဲ့ တစ်ပုံဆွဲထားတဲ့ပုံစံ မကွဲပါဘူး။ Dimension နဲ့ Position ပဲကွာသွားပါတယ်။ Command တွေကိုတော့ သေချာ ကျွမ်းကျင်ပါတယ်။ Modify ဖြစ်တဲ့ Drawing တွေကိုဆိုရင်တော့ Engineer က လက်နဲ့ဆွဲပေးပါတယ်။ ဒါကြောင့် သူတို့ဟာ Drawing တစ်ခုပဲ ဆွဲတဲ့ Drafter တွေပါ။
နောက်တစ်မျိုးကတော့ Design ဆွဲတဲ့ Drafter တွေပါ။ ကျွန်မအသိ Design ဆွဲတဲ့ Drafter အများစုက မြန်မာ အင်ဂျင်နီယာတွေပါ။ ဂုဏ်ယူစရာနော်။ Consultant တွေ၊ Engineer တွေက ဒီနေရာမှာ ဒီ Material သုံးချင်တယ်၊ ဘယ်လိုသုံးချင်တယ်။ Propose လုပ်ပါလို့ ပြောလိုက်ရင် အဲ့ဒီ Drafter က Design ကိုစဉ်းစားပြီး ဆွဲပေးရပါတယ်။ ပြီးရင် Main Construction က တဆင့် consultant ကို submit တင်ရပါတယ်။ သူတို့က Approved ဆိုရင် အိုကေပြီပေါ့။
အဲဒါကြောင့် ကျွန်မဆိုလိုချင်တာက AutoCAD ဆွဲဖို့ဆိုရင် လူတိုင်း လေ့ကျင့်ရင် ရနိုင်ပေမယ့် Design ဆွဲဖို့ဆိုရင်တော့ Engineering Sense ရှိဖို့လိုမယ် ဆိုတာလေးပါ။ ကျွန်မအသိ မြန်မာ Drafter တွေအားလုံး ကတော့ B.E ဘွဲ့ရမဟုတ်တောင် A.G.T.I ကျောင်းဆင်း Engineer တွေချည်းပါပဲ။
Singapore မှာတော့ များသောအားဖြင့် 2D တွေပဲ အသုံးများပါတယ်။ ဒါပေမယ့် View မျိုးစုံကို အသေးစိတ် လိုက်ဆွဲပြနေရတာ တော်တော်ကို လက်ဝင်ပါတယ်။ အခုဆိုရင် တစ်ချို့ Company တွေကတော့ AutoCAD အပြင် Microstation, 3Ds Max, Tekla Structure,Solid work, StruCAD စတဲ့ Software တွေကိုပါ အသုံးပြုနေပါပြီ။ အဲဒါတွေ အကုန်တတ်ရင် လစာတော်တော် ကောင်းတယ်လို့လဲ သိရပါတယ်။ ကျွန်မကတော့ တစ်ခြား Software တွေကို မသိပါဘူး။ StruCAD Software ကိုတော့ သုံးတတ်ပါတယ်။ အဲ့ဒီ Software အကြောင်းကို နောက်မှ ထပ်ရေးပါမယ်။ ဒီလောက်ဆိုရင် Singapore မှာ အလုပ်လုပ်ဖို့ ဘယ်လောက်လိုအပ်တယ် ဆိုတာ သိလောက်ပါပြီနော်။

 

ရည်ရွယ်ချက်

1 comments - Post a comment

AutoCAD ဆွဲတာဟာ ကျွန်မအတွက်တော့ အနုပညာတစ်ရပ်ပါပဲ။ အမေတစ်ယောက်က သားသမီးတစ်ယောက်ကို ပုံသွင်းသလို၊ ဥယျာဉ်မှုးတစ်ယောက်က ပန်းပွင့်တစ်ပွင့်ကို ဖန်တီးသလို၊ AutoCAD Drawingတစ်ခုကို ကိုယ်လိုရာ ပုံသွင်းနိုင်ပါတယ်။ သားသမီးမကောင်း မိဘခေါင်းဆိုသလိုပါပဲ Drawingတစ်ခုရဲ့ အကောင်းအဆိုးဟာ ဆွဲတဲ့သူအပေါ်မှာ အများကြီး မူတည်နေပါတယ်။ Designerတစ်ယောက်ရဲ့ အရည်အချင်းကို Drawing ကိုကြည့်ပြီး ဆုံးဖြတ်လေ့ ရှိပါတယ်။ AutoCAD ဟာ သင်တန်းတစ်ခုမှာ တက်ရောက် ပြီးမြောက်ပြီး Certificate လက်မှတ်ရရုံနဲ့ မလုံလောက်ပါဘူး။ အမြဲတစေ ထိတွေလေ့ကျင့်နေဖို့ လိုအပ်ပါတယ်။ ငါတော့ဆွဲတတ်ပြီဆိုပြီး လေ့လာမှုကို ရပ်တန့်လိုက်လို့လဲ မရပါဘူး။ AutoCAD Software ဟာ Version အသစ်တွေ အမြဲတစေ ပေါ်ထွက်နေတတ်ပါတယ်။ Version တစ်ခုနဲ့တစ်ခု ပြောင်းလဲမှုဟာ တစ်ခါတစ်လေ မသိသာပေမယ့်၊ တစ်ခါတစ်လေ သိသိသာသာ ပြောင်းလဲတတ်ပါတယ်။ ဥပမာ. AutoCAD 2000 နဲ့ AutoCAD 2002 ရဲ့ပြောင်းလဲမှုဟာ သိပ်မသိသာပေမယ့်၊ AutoCAD 2005 နဲ့ AutoCAD 2006 ရဲ့ပြောင်းလဲမှုဟာ အရမ်းသိသာပါတယ်။ ဒါကြောင့် Designer တစ်ယောက်ဟာ Version အသစ်တွေကို အမြဲတစေ လေ့လာနေဖို့ လိုအပ်တယ်လို့ ထင်မြင်မိပါတယ်။ ဒီဘလော့ကို ဖန်တီးရခြင်းရဲ့ အဓိက ရည်ရွယ်ချက် ကတော့ AutoCAD ကို လေ့လာနေသူများ အားလုံး တစ်ယောက်နဲ့တစ်ယောက် အသိပညာဖလှယ်ရင်း ဆွေးနွေးတိုင်ပင်ခြင်းဖြင့် အသိပညာပိုမို တိုးတက်လာစေရန် ရွယ်ရည်ပါသည်။ ။ ။ ။ ။ ။

 

မိတ်ဆက်ခြင်း

3 comments - Post a comment

ဒီဘလော့လေးကို ဖန်တီးရတဲ့ အကြောင်းရင်းကတော့ autocad ကို အသုံးချချင်သူများ အဆင်ပြေ လွယ်ကူစေရန် ရည်ရွယ်ပါတယ်။ စာအုပ်တစ်အုပ်ကို ဖတ်ပြီးလုပ်ရတာထက် ဘလော့တစ်ခုမှာ တင်ထားပေးတာက ပိုပြီး စိတ်ဝင်စားဖွယ်ရာ ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီဘလော့မှာ autocad နဲ့ပတ်သတ်ပြီး သိထားသမျှ အကြောင်းအရာ များကို မျှဝေသွားမှာ ဖြစ်ပါတယ်။ အတတ်နိုင်ဆုံး လက်လှမ်းမှီရာ tutorials များနှင့် video tutorials များကိုလည်း တင်ပေးသွားမှာ ဖြစ်ပါတယ်။ autocad ကိုလက်တွေ့ အသုံးချနိုင်ကြပါစေလို့ ဆန္ဒပြုလျက်...