UCS ဆိုတာဟာ User Coordinate System လို့ဆိုတာကြောင့် သူဟာ ပုံဆွဲသူကို ကိုယ်စားပြု ဖော်ပြပေးနေတဲ့ အရာတစ်ခု ဆိုရင်လည်း မမှားပါဘူး။ သူဟာ ခရီးသွား တစ်ယောက်ရဲ့သံလိုက်အိမ်မြှောင် တစ်ခုကဲ့သို့ ပုံဆွဲသူကို တည်နေရာ ညွှန်ပြပေးနိုင်တဲ့ အရာတစ်ခုပါ။ UCS ဟာ အမြဲတစေ ( 0 , 0 , 0 ) ဆိုတဲ့နေရာမှာ ရှိပြီး သူ့ကိုလိုအပ်ရာ နေရာသို့ ရွှေ့ပြောင်း အသုံးချ နိုင်ပါတယ်။ လူတစ်ယောက်ဟာ ဘယ်တွေကိုပဲ သွားလာနေပါစေ၊ အချိန်တန်ရင် ပြန်ရမယ့်အိမ်ရှိသကဲ့သို့ UCS Icon မှာလည်း သူ့ရဲ့ ကိုယ်ပိုင်အိမ် ရှိပါတယ်။ သူ့ရဲ့ မူလအိမ်မှာ ရှိနေစဉ် မှာတော့ UCS ကို WCS ( World Coordinate System ) လို့ခေါ်ပါတယ်။ အဲဒီအချိန်မှာပဲ UCS Icon လေးရဲ့ Y လက်တံပေါ်မှာ W ဆိုတဲ့ သင်္ကေတလေးကို တွေမြင်ရမှာ ဖြစ်ပါတယ်။ အခုစတင်လေ့လာ နေတာဟာ 2D ဖြစ်တာကြောင့် 2D UCS ကိုပဲ စတင် လေ့လာကြပါစို့။

ဒီပုံလေး ကတော့ မူလအိမ်မှာ ရှိနေတဲ့ UCS လေးပါ။ အဲဒါလေး ကိုလည်း မိမိစိတ်ကြိုက် ပြုပြင်ပြောင်းလဲ နိုင်ပါတယ်။ Command Line မှာ ucsicon လို့ အမိန့် ပေးလိုက်ရင် သူက ပုံဆွဲသူကို ဘာလုပ်ချင်တာလဲလို့ ပြန်မေးမှာပါ။ အဲဒီ့မေးခွန်းမှာ ပြုပြင် ပြောင်းလဲနိုင်တဲ့ အရာတွေပါ ပါတယ်။ မိမိ ပြောင်းလဲ လိုတာကို ရွေးချယ် ပြောင်းလဲ နိုင်ပါတယ်။ AutoCAD မှာ အရေးကြီးတဲ့ အချက်တစ်ခုက Command တွေရဲ့ လုပ်ဆောင်ချက် အဆင့်ဆင့်ကို အလွတ်မကျက်ပဲ သူကပြန်မေးတဲ့ မေးခွန်းလေးတွေကို အလိုက်သင့် ဖြေရုံနဲ့ မိမိလိုအပ်ရာပုံကို ဆွဲသား နိုင်ပါတယ်။ အခု ucsicon လို့ အမိန့်ပေးလိုက်တာနဲ့ သူက မေးခွန်းတစ်ခုမေးပါမယ်။ အဲဒီ့မေးခွန်းက
Enter an option [ ON/OFF/All/Noorigin/ORigin/Properties]:
ဒါဆိုရင် ပုံဆွဲသူက မိမိလိုအပ်ရာကို ရွေးချယ်နိုင်ပါပြီ။
ON ကိုရွေးချယ်ရင်တော့ UCS Icon လေးကို မြင်နေရမှာပါ။
OFF ကိုရွေးချယ်ရင်တော့ UCS Icon လေးကို မမြင်ရတော့ပါဘူး။
All ကိုရွေးချယ်ရင်တော့ Viewport တွေ အားလုံးမှာ မြင်ရမှာပါ။ ဒါကိုတော့ အခု မသိနိုင်သေးပါဘူး။
Noorigin ကိုရွေးချယ် ချင်ရင်တော့ N လို့ရိုက်ထည့်ရုံနဲ့ လုံလောက်ပါတယ်။ ဒါဆိုရင် UCS Icon လေးဟာ မူလနေရာမှာမရှိပဲ ဘယ်ဘက်ထောင့်လေးမှာပဲ အမြဲရှိနေမှာပါ။
ORigin ကိုရွေးချယ်ရင်တော့ UCS လေးဟာ မူလနေရာ ( 0,0,0 )မှာပဲ အမြဲတစေ တည်ရှိနေမှာပါ။
Properties ကိုရွေးချယ်လိုရင်တော့ P လို့ရိုက်ထည့်လိုက်တာနဲ့ UCS Icon Dialog Box လေးပေါ်လာမှာပါ။
Enter an option [ ON/OFF/All/Noorigin/ORigin/Properties]

အဲဒီ့ Box ထဲမှာ ပုံစံအနေအထား၊ အရွယ်အစား၊ အရောင်တွေကို မိမိစိတ်ကြိုက် ပြောင်းလဲနိုင်ပါတယ်။
UCS အကြောင်းကို ပြည့်ပြည့်စုံစုံ သိရတဲ့ အတွက် ကျေးဇူးတင်ပါတယ်....။